ဒီလောက် ရှော်နေတဲ့ ရီးရဲလ်က ဖိုင်နယ်တက်မယ် မထင်ခဲ့မိဘူးလို့ အံ့အားသင့်စွာ ပြောလာတဲ့ နာမည်ကျော် ဂိုးသမားဟောင်းကြီး ပီတာ ရှမိုက်ကယ်

ရီးရဲလ်မက်ဒရစ်အသင်းဟာ မယုံနိုင်စရာ နောက်ထပ်တစ်ကြိမ် Comeback ပွဲကို အောင်အောင်မြင်မြင် ကစားပြခဲ့ပြီး မဖြစ်နိုင်ဆုံး အခြေအနေကနေ ချန်ပီယံလိဂ်ဖိုင်နယ်ကို တက်ရောက်သွားတဲ့အပေါ် မန်ချက်စတာ ယူနိုက်တက်နဲ့ မန်စီးတီး ဂိုးသမားဟောင်း ပီတာရှမိုက်ကယ်တစ်ယောက် အံ့ဩမှင်သက်ခဲ့ရပါတယ်။

ပွဲပြီးဖို့ မိနစ်ပိုင်းသာ ကျန်တော့ချိန်မှာ မာရက်ဇ်ရဲ့ဂိုးနဲ့ နှစ်ကျော့ပေါင်း ၅-၃ ရလဒ်ဖြင့် ဦးဆောင်ထားတဲ့နောက် မန်စီးတီးတို့ နောက်တဆင့်တက်ပြီလို့ ထင်ခဲ့ရတာပါ။ ပွဲချိန် ၈၅ မိနစ်လောက်မှာ တစ်ယောက်ယောက်က ရီးရဲလ်မက်ဒရစ်တို့ ဗိုလ်လုပွဲကို တက်မယ်လို့ ပြောမယ်ဆိုရင် ရူးများနေသလားလို့ မျက်ခုံးပင့်ကြည့်ခံရမှာဖြစ်ပေမယ့် ရီးရဲလ်က မထင်မှတ်ထားတွေ လုပ်ပြခဲ့ပါတယ်။

ပွဲပြီးခါနီးမှာ လူစားဝင်ကစားသမား ရိုဒရီဂိုရဲ့ သွင်းဂိုး ၂ ဂိုးက အချိန်ပိုထိ ရောက်စေခဲ့ပြီး ရူဘင်ဒီယက်စ်ရဲ့ မလိုအပ်တဲ့ ပြစ်ဒဏ်ကျူးလွန်မှု အပြီး ရရှိခဲ့တဲ့ ပင်နယ်တီကနေ ကာရင် ဘန်ဇီးမားက အဆုံးအဖြတ်ဂိုးကို သွင်းယူခဲ့တာ ဖြစ်ပါတယ်။

ချယ်ဆီး၊ ပီအက်စ်ဂျီတို့နဲ့ ပွဲတွေမှာလည်း ကြိုးတန်းပေါ် လမ်းလျှောက်ပြီး ဖြတ်ကျော်ခဲ့ရတဲ့ အန်ဆယ်လော့တီရဲ့ အသင်းဟာ ဒီလနှောင်းပိုင်းကျရင် ပဲရစ်မှာ ပြိုင်ဘက်ဟောင်း လီဗာပူးနဲ့ ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။

ရီးရဲလ်ရဲ့ ကြံ့ကြံ့ခံနိုင်စွမ်းအားဟာ ဥရောပဘုရင်ဆိုတဲ့ ဂုဏ်ပုဒ်ကို ဖော်ကျူးနေခဲ့ပေမယ့် အခြေခံကျတဲ့ အားနည်းချက်တွေ များစွာနဲ့ အသင်းတစ်သင်းက ဘယ်လိုလုပ်ပြီး ဆီမီးဖိုင်နယ် အဆင့်ကို ကျော်ဖြတ်ခဲ့တာလဲဆိုတာ ရှမိုက်ကယ်က နားမလည်နိုင်အောင် ဖြစ်နေပါတယ်။

“ ပထမအခွင့်အရေးက မိနစ် ၉၀ မှာ ပထမဆုံးဂိုး ဖြစ်ခဲ့တယ်။ ဒုတိယဂိုးက ဒုတိယအခွင့်အရေး ဖြစ်ခဲ့ပြီး တတိယဂိုးက သူတို့ ဂိုးပေါက်တည့်ခဲ့တဲ့ တတိယအကြိမ် ဖြစ်ခဲ့တာပါ။ ရီးရဲလ်မက်ဒရစ်က အဲ့ဒီ့ဖိုင်နယ်ကို ရောက်ဖို့ အခွင့်အရေး မရှိခဲ့ပါဘူး။ သူတို့က နှစ်ပွဲလုံးမှာ အတော်လေးကို အလှမ်းကွာတဲ့ အဆိုးရွားဆုံး အသင်းတစ်သင်း ဖြစ်ခဲ့တာပါ။

မန်စီးတီးကပဲ အပြည့်အဝ ထိန်းချုပ်ထားခဲ့ပေမယ့် အဲ့ဒါက ကျွန်တော်တို့ ပြောခဲ့တဲ့ အခိုက်အတန့်တစ်ခု မဟုတ်ပါဘူး။ ကျွန်တော် ပြောကြတဲ့အကြောင်းက အဲ့ဒီ့ကွင်းထဲက လူထုဟာ ဘယ်လိုလုပ်ပြီး ၁၂ ယောက်မြောက် ကစားသမား ဖြစ်နိုင်ခဲ့တာလဲ ဆိုတာပဲ။

ဒုတိယပိုင်းကို သူတို့စတင်ခဲ့တဲ့အချိန် ၈ စက္ကန့်အတွင်း ရခဲ့တဲ့ အခွင့်အရေးက သူတို့တွေ နေရာတစ်ခုလုံးကို မီးတင်ရှို့လိုက်သလိုပဲ။ မယုံနိုင်စရာ ကောင်းခဲ့ပါတယ်။ မန်စီးတီးအတွက် ကျွန်တော် နည်းနည်း စိတ်မကောင်းပါဘူး။ ဒါကိုတော့ ပြောရမယ်။ ဘာလို့လဲဆိုတော့ မိနစ် ၉၀ မှာ ပေးလိုက်ရတဲ့ ဂိုးကလွဲရင် သူတို့တွေ တကယ်ကို ကောင်းကောင်းကစားခဲ့ပြီး အရာအားလုံးကို ထိန်းချုပ်ထားခဲ့တာပါ။

ဒီည ကွင်းလယ်က ရိုဒရီက အံ့ဩစရာ ကောင်းခဲ့ပါတယ်။ ကျွန်တော် ဘာကိုမှ ဝေဖန်မှာ မဟုတ်ဘူး။ ဒါပေမယ့် ဒီဘရိုင်းလို ကစားသမားတစ်ယောက်ကို ဆုံးရှုံးလိုက်ထားချိန် ပွဲအခြေအနေက ပြောင်းလဲသွားတဲ့အခါ နောက်ဆုံးမိနစ် ၃၀ မှာ မန်စီးတီးက ဒီဘရိုင်းကို သိပ်လိုအပ်ခဲ့ပါတယ်။

ဒါပေမယ့် အံ့သြရလွန်းပါတယ်။ ရီးရဲလ်မက်ဒရစ်က ဘယ်လိုကနေ ဘယ်လို ရုန်းထွက်လာလဲ ဆိုတာ ကျွန်တော် စဉ်းစားလို့ကို မရဘူး။ သူတို့တွေက ကောင်းကောင်း ကစားနိုင်ခဲ့တာ မဟုတ်ပါဘူး။ ဒီချန်ပီယံလိဂ်ကို ခန့်မှန်းရတာက အရမ်းအရမ်း ခက်ခဲခဲ့ပါတယ်။ ကျွန်တော်က ဘိုင်ယန်မြူးနစ် ချန်ပီယံဖြစ်မယ် ထင်ခဲ့တာပါ။ ဒါပေမယ့် သူတို့တွေ ကွာတားဖိုင်နယ်မှာ ထွက်ခွာခဲ့ရတယ်။

အင်္ဂလန်အသင်းတွေက အရမ်းအားကောင်းနေလို့ ရီးရဲလ်မက်ဒရစ်ကို ဖိုင်နယ် ရောက်မယ်တောင် မထင်ခဲ့ဘူး။ ဒါပေမယ့် သူတို့ရဲ့ ခြေစွမ်းကလည်း ဆိုးခဲ့ပါတယ်။ ချယ်ဆီးနဲ့ တစ်ပွဲထဲပဲ ကောင်းခဲ့တာပါ။ ဘောလုံးလောကအကြောင်းကို ကျွန်တော် နားကို မလည်နိုင်တော့ဘူး ” လို့ ရှမိုက်ကယ်က ပြောကြားခဲ့ပါတယ်။