ယူနိုက်တက် ခံစစ်သမားဟောင်း ပက်ထရစ် အီဗရာက ဗုဒ္ဓဟူးနေ့မှာ ရီးရဲလ်မက်ဒရစ်နဲ့ မန်စီးတီးတို့ရဲ့ ချန်ပီယံလိဂ် ရလဒ်ကို သိအပြီး ဒါဘီပြိုင်ဘက်ဟောင်းကို လှောင်ပြောင်မှု ပြုလုပ်ခဲ့ပါတယ်။
ပရီးမီးယားလိဂ် ဦးဆောင်သူတွေဟာ ဒုတိယအကျော့ ပွဲကိုလည်း လွှမ်းမိုးနိုင်ခဲ့ကာ ဦးဆောင်ဂိုးပါ ရခဲ့တာဖြစ်တယ်။ ဒါပေမယ့် မိနစ် ၉၀ အရောက်မှာ ရိုဒရီဂိုရဲ့ ခြေပဂိုး၊ ဦးဆောင်ဂိုးနဲ့ အချိန်ပိုမှ ဘန်ဇီမာရဲ့ ပင်နယ်တီ သွင်းဂိုးတွေကပဲ အနိုင်ရအသင်းက ရီးရဲလ်မက်ဒရစ်ဖြစ်ဖို့ ပြောင်းလဲသွားတာ ဖြစ်ပါတယ်။
မန်စီးတီးအသင်း ဆီမီးဖိုင်နယ်ကနေ ထွက်ခွာရချိန်မှာ ဒါဘီပြိုင်ဘက်ကို ထိုးနှက်ဖို့ အီဗရာက လက်မနှေးခဲ့ပါဘူး။ အင်စတာဂရမ်မှာ ” ချန်ပီယံလိဂ်ဖလားမှာ မန်စီးတီးရဲ့ နာမည် ပါလား ဆိုတာကို ငါနဲ့ ဆာဘော်ဘီတို့ လိုက်ရှာနေတာ မတွေ့သေးဘူး။ နှစ်တွေ ဘယ်လောက် ကြာဦးမှာလဲ?” ဆိုတဲ့ စာသား၊ ပုံနဲ့တကွ မန်စီးတီးရဲ့ ကျရှုံးမှုကို လှောင်ပြောင်ခဲ့တာ ဖြစ်ပါတယ်။

နောက်ထပ် ယူနိုက်တက် ကစားသမားဟောင်း ဖာဒီနန်ကတော့ မန်စီးတီးကို ချန်ပီယံလိဂ်ကနေ ဖြုတ်ချခဲ့တဲ့ ဘန်ဇီမာကို ဘလွန်းဒီအောဆုအတွက် ထောက်ခံမှု လုပ်သွားခဲ့တယ်။ ဖာဒီနန်ကတော့ ” ဘန်ဇီမာမှ မရရင် Ballon d’Or ကို ဘယ်သူက အနိုင်ရဦးမှာလဲ?” လို့ မှတ်ချက်ပေးခဲ့တာဖြစ်တယ်။
မန်ချက်စတာနှစ်သင်းဟာ ဒီနှစ်တွေထဲမှာ အောင်မြင်မှုပိုင်း ကွာခြားလာပေမယ့် မန်စီးတီးဟာ ပြည်တွင်းမှာပဲ အောင်မြင်မှု ရပြီး ဥရောပမှာတော့ အောင်မြင်မှုတွေ ရယူဖို့ ဝေးကွာနေသေးတာ ဖြစ်ပါတယ်။ သရဲနီဟောင်းတွေဟာ မြို့ခံပြိုင်ဘက်ရဲ့ ဥရောပ ရလဒ်ဆိုးတွေကို ဆက်လက် မြင်တွေ့နေရတာအတွက် ကျေနပ်နေကြဟန် ရှိပါတယ်။
ပြီးခဲ့တဲ့ လတုန်းကပဲ ဘာနာတိုက “ မန်စီးတီးက ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ်လို အရေးပါတဲ့ ဆုဖလားတွေအတွက် တိုက်ခိုက်နေရတာပါ။ စီးတီးကို ပြောင်းလာခဲ့တဲ့ ၅ နှစ်အတွင်းမှာ ဆုဖလား ၁၀ လုံး အနိုင်ရခဲ့တယ်။ အဲ့တာကြောင့် ဘောလုံးရာသီတိုင်းမှာ ဆုဖလားတွေ အနိုင်ရနေတယ်လို့ ဆိုလိုပြီး ထပ်ပြီး အနိုင်ရဖို့ ဆာလောင်နေဆဲဖြစ်သလို အနိုင်ရချင်နေဆဲပါပဲ။
ဒီဖိအားတွေကို ကျနော် ကြိုက်ပါတယ်။ ဒီမှာကြည့် တန်းဆင်းဇုန်မှာ ရုန်းနေရတာ ဒါမှမဟုတ် အဆင့်လေးအတွက် ရုန်းကန်နေရတာ ဒါမှမဟုတ် ယူရိုပါလိဂ် ကွန်းဖရန့်လိဂ်အတွက်တောင် အနိုင်နိုင် အားထုတ်နေရတာထက် စာရင် ကျနော်တို့အသင်း ဆုဖလားတွေအတွက် တိုက်ခိုက်နေရတယ်ဆိုတာ ကျနော်တို့က သိပ်ကောင်းတဲ့အသင်း ဖြစ်နေလို့ပါပဲ ” ဆိုပြီး မြို့ခံပြိုင်ဘက်ကို သရော်ခဲ့သေးတာဖြစ်ပါတယ်။
