မန်စီးတီးကို ဖြုတ်ချဖို့ ရီးရဲလ်မက်ဒရစ်တို့ ရခဲ့တဲ့ အကူအညီကို အန်ဆယ်လော့တီ ထုတ်ပြော

ရီးရဲလ်မက်ဒရစ်ကို ချန်ပီယံလိဂ် ဗိုလ်လုပွဲထံ ပို့ဆောင်အပြီးမှာ ကလပ်ရဲ့ ကြွယ်ဝတဲ့ သမိုင်းကြောင်းကပဲ ဆီမီးအဆင့်မှာ မန်စီးတီးကို တုန့်ပြန်ပြဖို့ အကူအညီ ဖြစ်စေခဲ့တယ်လို့ နည်းပြ အန်ဆယ်လော့တီက ပြောဆိုပါတယ်။

မာရက်စ်ရဲ့ ဦးဆောင်ဂိုးကြောင့် ရီးရဲလ်မက်ဒရစ်က ၂ ဂိုး ပြန်သွင်းဖို့ လိုခဲ့တာဖြစ်ပြီး မိနစ် ၉၀ တွေမှာ ရိုဒရီဂိုက အဆုံးသတ်ပေးမှုနဲ့အတူ အချိန်ပိုထိ ရောက်ခဲ့တာဖြစ်တယ်။ ဘန်ဇီမာရဲ့ ပင်နယ်တီ သွင်းဂိုးက ရီးရဲလ်မက်ဒရစ်ကို ချန်ပီယံလိဂ် ဗိုလ်လုပွဲထံ တက်ရောက်ဖို့ လုံလောက်စေခဲ့ပါတယ်။

ချန်ပီယံလိဂ် ၁၃ ကြိမ် အနိုင်ရ ရီးရဲလ်မက်ဒရစ်ဟာ ချန်ပီယံလိဂ် ၆ ကြိမ် အနိုင်ရ လီဗာပူးအသင်းနဲ့ ပဲရစ်မှာ ထိပ်တိုက်တွေ့ပြီဖြစ်ကာ သိပ်ကောင်းတဲ့ ပွဲတစ်ပွဲဖြစ်လာလိမ့်မယ်လို့ အီတလီသားနည်းပြကြီးက ဟောကိန်းထုတ်ခဲ့ပါသေးတယ်။

အန်ဆယ်လော့တီက ” ဒီပြိုင်ပွဲမှာ ရေပန်းအစားဆုံးဆိုတဲ့ အသင်းတွေကို ကျနော်တို့ ဖြုတ်ချလာခဲ့တာပါ။ ဒီလိုပွဲတွေကို အသားကျနေပြီလို့ မပြောနိုင်ပေမယ့်လို့ ဒီညမှာဖြစ်ခဲ့တာတွေက ချယ်ဆီးကို ရင်ဆိုင်စဉ်၊ ပီအက်စ်ဂျီကို ရင်ဆိုင်စဉ်မှာလည်း ဖြစ်ခဲ့သေးတာပါ။

ဘာလို့ ဒီလိုတွေလုပ်နိုင်လဲဆိုရင် ကလပ်ရဲ့ သမိုင်းကြောင်းကပဲ ကျနော်တို့တွေ အရေးနိမ့်နေတာတောင်မှ ပွဲကို အကောင်းဆုံး ဆက်ပြီး ယှဉ်ပြိုင်နိုင်ဖို့ အကူအညီဖြစ်ခဲ့ပါတယ်။

မန်စီးတီးနဲ့ပွဲကိုလည်း အကောင်းဆုံး ကစားနိုင်ခဲ့တယ်။ မန်စီးတီးက ၁-၀ နဲ့ အနိုင်ရနေတာတောင်မှပဲ ဒီပွဲကို ကျနော်တို့ အရေးနိမ့်မှာ မဟုတ်ဘူးဆိုတာ သိထားခဲ့ပါတယ်။ ပွဲမစခင်မှာ ကျနော်တို့က ဒီရာသီ comeback ပွဲတွေကို ပြန်ကြည့်ထားခဲ့ကြတယ်။

ဗိုလ်လုပွဲကို တက်ရောက်နိုင်တာအတွက် ကျနော် သိပ်ပျော်ပါတယ်။ ပဲရစ်မှာတော့ သိပ်ကောင်းတဲ့ ပြိင်ဘက်ကို ရင်ဆိုင်ရဦးမှာပါ။ ကျနော်တို့ အသားကျနေပါပြီ။ အဲ့ပွဲက ဘောလုံးအတွက် သိပ်ကို ခမ်းနားကောင်းမွန်တဲ့ ပွဲကောင်းတစ်ပွဲ ဖြစ်ပါလိမ့်မယ် ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ဗိုလ်လုပွဲဟာ မေလ ၂၉ ရက်နေ့ ပဲရစ်က ပြင်သစ်လက်ရွေးစင် အမျိုးသား အားကစားကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။