ဒီကနေ့ည ယှဉ်ပြိုင်ကစားမယ့် ရီးရဲလ်မက်ဒရစ်နဲ့ မန်စီးတီး ပွဲအပြီးမှာ ပရီးမီးယားလိဂ်ကလပ် မန်စီးတီးက ဗိုလ်လုပွဲကို တက်ရောက်နိုင်မယ်လို့ အာဆင်နယ် နည်းပြဟောင်း အာဆင်ဝင်းဂါးက ခန့်မှန်းသွားပါတယ်။
ပထမအကျော့ကို ၄-၃ နဲ့ ဦးဆောင်ထားတဲ့ မန်စီးတီးဟာ ဘာနေဗျူးမှာ ရလဒ်ကောင်းယူနိုင်ရေး ကြိုးစားရမှာဖြစ်ပြီး လက်တလော ခြေစွမ်းတွေအရ ဗိုလ်လုပွဲရောက်ဖို့ ပိုမို ရေပန်းစားနေတာပါ။ ဒီပွဲမှာ မန်စီးတီး ခံစစ်က လူပြန်စုံလာမယ်လို့ မျှော်လင့်ရပေမယ့် ဝေါ်ကာ ပါနိုင်မလား မပါနိုင်ဘူးလားဆိုတာက အရေးပါလိမ့်မယ်လို့ ဝင်းဂါးကြီးက မြင်ပါတယ်။

ဘယ်အသင်း ရေပန်းစားသလဲအတွက် ဝင်းဂါးက ပြောရာမှာ ‘ စီးတီးပေါ့။ သူတို့က ပိုကောင်းတဲ့ အသင်းပဲ။ စီးတီးအတွက် တစ်ခုတည်းသော ကိစ္စက ခံစစ်မှာ ဝေါ်ကာ မကစားနိုင်ဘူးဆိုရင် သူတို့အသင်း အားနည်းသွားနိုင်ပါတယ်။
ကန်ဆယ်လိုနဲ့ ဝေါ်ကာတို့ ကစားနိုင်ချိန်မှာ ခံစစ်က ဘောလုံးပေးမှုတွေနဲ့အတူ သူတို့က ကောင်းကောင်းတုန့်ပြန်နိုင်တယ်။ ခံစစ်မှာ ဝေါ်ကာ မပါနိုင်ချိန်မှာ မန်စီးတီးက အနည်းငယ် အားနည်းနိုင်ပါတယ် ’ လို့ ဆိုပါတယ်။
အာဆင်ဝင်းဂါးကပဲ နည်းပြ အန်ဆယ်လော့တီရဲ့ အသင်းမှာ သိပ်ကောင်းတဲ့ စုဖွဲ့မှုတွေလည်း ရှိထားတယ်လို့ မြင်ပါတယ်။ ချန်ပီယံလီဂ်မှာ နောက်ဆုံး ၄ ပွဲအတွင်း ၉ ဂိုး သွင်းယူထားတဲ့ ဘန်ဇီမာနဲ့ လူငယ်တိုက်စစ်သမား ဗင်နီးဆီးယက်စ်တို့ကို ချီးကျူးပါသေးတယ်။
အာဆင်ဝင်းဂါးက ‘ ရီးရဲလ်မက်ဒရစ်မှာက သိပ်ကောင်းတဲ့ ဂိုးသမားနဲ့ သာမာန် ခံစစ်ကြောင်းကို ပိုင်ဆိုင်ထားတယ်လို့ ပြောချင်ပါတယ်။ သူတို့မှာ သိပ်ကောင်းတဲ့ ဆုံးဖြတ်ချက်တွေကို လုပ်နိုင်တဲ့ အရည်အချင်း ပြည့်ဝတဲ့ ကွင်းလယ်လူတွေ ပိုင်ဆိုင်ထားပါတယ်။ ဒါပေမယ့်လို့ ကွင်းလယ်လူတွေက ရုပ်ပိုင်းဆိုင်ရာ အရွယ်ကောင်း ကျော်လွန်နေကြပါတယ်။
ဒီကွင်းလယ်လူတွေက ဖိအားတွေကနေ ရုန်းထွက်နိုင်ရေး ထူးချွန်တဲ့ ပေးမှုတွေ လုပ်နိုင်တယ်။ သူတို့မှာ လူတိုင်း အလိုရှိတဲ့ တိုက်စစ်သမား နှစ်ဦးကိုလည်း ပိုင်ဆိုင်ထားပါတယ်။ ဘောလုံးကို မြတ်နိုးသူတိုင်း နှစ်သက်ရအောင် ဘောလုံးထိချက်ကောင်းတွေကို လုပ်နိုင်တဲ့ တိုက်စစ်သမားနဲ့ တစ်ဦးချင်းတွေမှာ မယုံနိုင်စရာတွေ ဖန်တီးနိုင်တဲ့ ဗင်နီးဆီးယက်စ်တို့ပေါ့ ’ လို့ မှတ်ချက်ပေးခဲ့တာပဲ ဖြစ်ပါတယ်။
ပဲရစ်မှာ ယှဉ်ပြိုင်ရမယ့် ချန်ပီယံလိဂ် ဗိုလ်လုပွဲကိုတော့ လီဗာပူးအသင်းက ကြိုတင် တက်ရောက်ထားခဲ့ပြီ ဖြစ်ပါတယ်။
