ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာ ဗီလာရီးရဲလ်ကို အနိုင်ရပြီး ဗိုလ်လုပွဲထံ တက်ရောက်နိုင်တဲ့နောက် သူတွေ့ချင်တဲ့ ပြိုင်ဘက်ကို ဆာလာက ကြေညာခဲ့ပါတယ်။
၃-၂ နဲ့ နိုင်ပွဲရမှုမှာ ကိုယ်တိုင် ဂိုးမသွင်းနိုင်ပေမယ့် အသင်းဖော် ဖာဘင်ညို ဂိုးရဖို့ ထောက်ပံ့မှု လုပ်ပေးနိုင်ခဲ့တဲ့ ဆာလာဟာ ဒီရာသီမှာ ဂိုးထောက်ပံ့မှု ၁၅ ကြိမ်ထိ လုပ်နိုင်ခဲ့ပါပြီ။ ဒါပေမယ့်လို့ သူက ဒီထက်ပိုပြီး လုပ်ပြနိုင်ဖို့ မျှော်လင့်နေဆဲဖြစ်ပါတယ်။
ဖာဒီနန်က ‘ သွင်းဂိုး ၃၀ ဂိုးနဲ့ ဂိုးထောက်ပံ့မှု ၁၅ ကြိမ် လုပ်ထားပြီဆိုတော့ မင်း ဘာတွေ မျှော်လင့်ထားလဲ? ‘ လို့ မေးခွန်းထုတ်ခဲ့တယ်။
ဆာလာက ‘ ကျနော် ကိုယ်ဘာသာ အများကြီး မျှော်လင့်ထားပါတယ်။ ဒါကို ဘယ်တုန်းကမှ ထုတ်မပြောခဲ့ပေမယ့် ရာသီစတုန်းက ဒီရာသီ သွင်းဂိုး ၄၀ သွင်းယူနိုင်ဖို့နဲ့ ဂိုးထောက်ပံ့မှု ၁၅ ကြိမ် လုပ်နိုင်ဖို့ ရည်မှန်းထားခဲ့တယ်။
အခုချိန်မှာ အဲ့ရည်မှန်းချက်အတွက် အာရုံစိုက်ဖို့ လိုပါတယ်။ ပရီးမီးယားလိဂ်မှာ ကျနော်က ဂိုးထောက်ပံ့မှု အများဆုံး ကစားသမားဖြစ်ရင် ထရန့်က ဒေါသထွက်မှာပါ။ ဒါပေမယ့် ကျနော် အစွမ်းကုန် ကြိုးစားပါမယ် ‘ လို့ ဆိုခဲ့တာဖြစ်ပါတယ်။

လီဗာပူးအသင်းနဲ့အတူ ၅ ရာသီအတွင်း ၃ ကြိမ်မြောက်အဖြစ် ချန်ပီယံလိဂ် ဗိုလ်လုပွဲကို တက်ရောက်နိုင်အပြီးမှာ ဘယ်အသင်းကို ပြိုင်ဘက်အဖြစ် ရင်ဆိုင်လိုသလဲ ဆာလာက အဖြေပေးပါတယ်။ ရီးရဲလ်မက်ဒရစ်နဲ့ မန်စီးတီးတို့အတွဲမှာ ပုဂ္ဂိုလ်ရေးအရ ရီးရဲလ်ကို ပြိုင်ဘက်အဖြစ် ဆာလာက ရင်ဆိုင်လိုနေတာပါ။
၂၀၁၈ တုန်းက ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ဆာလာ ပါဝင်တဲ့ လီဗာပူးဟာ ပွဲကို အကောင်းဆုံး ကစားနိုင်ခဲ့ပေမယ့် ဆာလာ ဒဏ်ရာကြောင့် ကွင်းထဲက ထွက်ခွာရပြီးချိန်မှာ ဖိအားတွေနဲ့အတူ ရုန်းကန်ကစားခဲ့ရတာပါ။ နောက်ပိုင်းမှာတော့ လူစားဝင် တိုက်စစ်သမား ဘေလ်းရဲ့ တောက်ပမှုကြောင့် ၃-၁ နဲ့ အရှုံးပေးခဲ့ရတာဖြစ်ပါတယ်။
ဆာလာက ‘ ကျနော် ရီးရဲလ်မက်ဒရစ်နဲ့ တွေ့လိုပါတယ်။ ရိုးရိုးသားသား ပြောတာပါ။ မန်စီးတီးက သိပ်ကို ခက်ခဲတဲ့ ပြိုင်ဘက်ပါ။ ဒီရာသီမှာ သူတို့နဲ့ အကြိမ်အချို့ ရင်ဆိုင်ထားရပြီးဖြစ်ပါတယ်။ ပုဂ္ဂိုလ်ရေးအရ ဘယ်အသင်းနဲ့ တွေ့ချင်လဲ မေးရင်တော့ ရီးရဲလ်မက်ဒရစ်ကို ပြိုင်ဘက်အသင်းအဖြစ် တွေ့လိုပါတယ်။
ပြီးခဲ့တဲ့ ဗိုလ်လုပွဲတုန်းက သူတို့နဲ့ ယှဉ်ပြိုင်ခဲ့ပြီး ကျနော်တို့ အရေးနိမ့်ခဲ့ပါတယ်။ သူတို့နဲ့ ထပ်ပြီး ယှဉ်ပြိုင်ချင်သလို အနိုင်ရဖို့ မျှော်လင့်ပါတယ်’ လို့ ဖြေဆိုခဲ့တာပဲ ဖြစ်ပါတယ်။
လီဗာပူးအသင်းဟာ မနှစ်က ဘောလုံးရာသီ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာလည်း ရီးရဲလ်မက်ဒရစ်နဲ့ ထိပ်တိုက်တွေ့ခဲ့တာဖြစ်ပြီး အရေးနိမ့်ကာ ထွက်ခွာခဲ့ရတာပါ။ ဒါကြောင့် ရှုံးကြွေးတွေကို ပြန်ဆပ်ဖို့ စိတ်အားထက်သန်နေတာ ဖြစ်ပါတယ်။
