ရီးရဲလ်မက်ဒရစ် V မန်စီးတီး အတွဲမှာ ဗိုလ်လုပွဲ တက်နိုင်မယ့် အသင်းကို မိုက်ကယ်အိုဝင် ခန့်မှန်း

၂၀၂၁-၂၀၂၂ ဘောလုံးရာသီ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို လီဗာပူးအသင်း တက်ရောက်ခဲ့ပြီဖြစ်ကာ ပြိုင်ဘက်အသင်းက ဘယ်အသင်းဖြစ်လာမလဲဆိုတာက ရီးရဲလ်မက်ဒရစ် နဲ့ မန်စီးတီးတို့ရဲ့ ဒုတိယအကျော့ ရလဒ်ပြီးရင် သိရပါမယ်။

ပထမအကျော့မှာ ၄-၃ ဆိုတဲ့ ရလဒ်နဲ့အတူ မန်စီးတီးက အနိုင်ရထားတာဖြစ်ပြီး ဒုတိယအကျော့မှာ တုန့်ပြန်မှုကောင်းတွေ လုပ်နိုင်မယ်ဆိုရင် နှစ်နှစ်ဆက် ချန်ပီယံလိဂ် ဗိုလ်လုပွဲကို တက်ရောက်နိုင်မှာပါ။ အိုဝင်ကတော့ ဒီပွဲအတွက် သုံးသပ် ခန့်မှန်းချက် ပြုလုပ်ခဲ့ပါတယ်။

မိုက်ကယ်အိုဝင်က ” ပထမအကျော့က သိပ်ကောင်းပါတယ်။ ဒီပွဲကလည်း ပွဲကောင်းတစ်ပွဲ ဖြစ်လာသင့်ပါတယ်။ ရီးရဲလ်မက်ဒရစ်အတွက် ပထမအကျော့မှာ ၁ ဂိုး အရှုံးဆိုတာက ကောင်းမွန်တဲ့ ရလဒ်ဖြစ်ပါတယ်။ ဘာနေဗျူးမှာတော့ ပိုပြီး ဟီးရိုးဆန်မယ့် အခိုက်အတန့်တွေကို သူတို့ မျှော်လင့်နေမှာပါ။

ဒီရာသီ ချန်ပီယံလိဂ်မှာ ဘန်ဇီမာက သိပ်ကို ကောင်းထားပါတယ်။ ဗိုလ်လုပွဲကို တက်ရောက်လိုတယ်ဆိုရင် အဲ့လိုကောင်းတာတွေ ပိုလုပ်နိုင်ဖို့ ရီးရဲလ်တို့ လိုအပ်ပါမယ်။

စီးတီးအတွက်ကတော့ ဘာလို့များ ဒီထက် ဂိုးမပြတ်ခဲ့လဲဆိုတာ နားမလည်နိုင်ပါဘူး။ သူတို့တွေ ပထမပိုင်းမှာတင် ၃ ဂိုး၊ ၄ ဂိုးလောက် ပြတ်သင့်ပေမယ့် အခွင့်အရေး မယူနိုင်ခဲ့ဘူး။ မန်စီးတီးက သိပ်ကောင်းတဲ့ စွမ်းဆောင်ရည်တွေ ပြသထားပြီး ဒီဘရိုင်းနဲ့ ဘာနာဒိုတို့က သိပ်ကို ထူးချွန်ပါတယ်။

မန်ချက်စတာမှာလို ကစားနိုင်ရင် မန်စီးတီးက ဗိုလ်လုပွဲကို တက်ရောက်နိုင်မှာပါ။ မက်ဒရစ်မှာ အိမ်ကွင်းပရိသတ်တွေရဲ့ အားပေးမှုတွေကလည်း သိပ်ကို ကောင်းမွန်ပါလိမ့်မယ်။ စီးတီးကို အနိုင်ရဖို့ ရီးရဲလ်က ကြိုးစားပါလိမ့်မယ်။ ဒါကပဲ စီးတီးတို့ရဲ့ ကစားကွက်ထဲ ဝင်ရေးအတွက် အကျိုးဖြစ်မှာဖြစ်ပြီး ဒီပွဲမှာ စီးတီးက အနိုင်ရမယ်လို့ ကျနော် ထင်မိပါတယ် ” လို့ ပြောဆိုခဲ့တာဖြစ်တယ်။

ရီးရဲလ်မက်ဒရစ်နဲ့ မန်စီးတီးပွဲအတွက် မိုက်ကယ်အိုဝင်ရဲ့ ခန့်မှန်း ရလဒ်ကတော့ ၂-၁ နဲ့ မန်စီးတီး အနိုင်ဖြစ်ပါတယ်။