ဘာနေဗျူးက ရူးလောက်တဲ့ကွင်းဆို မန်စီးတီးကလည်း ရူးသွပ်နေတဲ့ အသင်းပဲလို့ ဒီယက်စ် ပြော

ရူးသွပ်နေတဲ့ မန်စီးတီး ကစားသမားတွေဟာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် အဆုံးအဖြတ်ဖြစ်တဲ့ ဒုတိယအကျော့မှာ ရီးရဲလ်မက်ဒရစ်နဲ့ အဝေးကွင်းမှာ ကစားရမယ့်အပေါ် ကြောက်ရွံ့နေမှာ မဟုတ်ဘူးလို့ ရူဘင်ဒီယက်စ်က ပြောဆိုခဲ့ပါတယ်။

ပထမအကျော့မှာ စီးတီးက ၄-၃ နဲ့ အနိုင်ရခဲ့တဲ့နောက် ဒုတိယအကျော့ဟာ အန္တရာယ်ရှိတဲ့ အခြေအနေဖြစ်နေတာပါ။ အဲ့ဒီ မကွဲပြားတဲ့ ရလဒ်ကြောင့် ရီးရဲလ်မက်ဒရစ်ဟာ ဘာနေဗျူးမှာ ကစားမယ့် ဒုတိယအကျော့ မတိုင်ခင် နိုင်လိုစိတ် ပြင်းထန်နေမှာဖြစ်ပြီး ပီအက်စ်ဂျီနဲ့ ၁၆ သင်း အဆင့်ကလို နောက်ကလိုက်ကစားပြီး ပြန်လာနိုင်ဖို့ တိုက်ပွဲဝင်မှာ ဖြစ်ပါတယ်။

ဒုတိယအကျော့နဲ့ ပတ်သက်ပြီး ဒီယက်စ်က “ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့အသင်း၊ သူတို့ရဲ့ ချန်ပီယံလိဂ် လွှမ်းမိုးမှု၊ ဘာနေဗျူးမှာ ကစားရတဲ့ အနေအထားကို ကျွန်တော်တို့ ကောင်းကောင်းနားလည်တယ်။ ဒါပေမယ့် ကိုယ့်ရည်မှန်းချက်နဲ့ အောင်မြင်အောင် လုပ်ဖို့လိုတဲ့ အရာကို သိပါတယ်။

ကျွန်တော်တို့တွေ ကိုယ်ပိုင်အရည်အချင်းနဲ့ ကစားပြီး အနိုင်ရဖို့ ကြိုးစားသွားမှာပါ။ ဘာနေဗျူးက ရူးလောက်စရာ နေရာတစ်ခုပါ။ ဒါပေမယ့် မန်စီးတီးကလည်း ရူးသွပ်နေတဲ့ အသင်းတစ်သင်းပါပဲ။ အဲ့အတွက် ကျွန်တော်တို့ အဆင်သင့် ဖြစ်နေပါလိမ့်မယ်။

ဆီမီးဖိုင်နယ်က ပထမအကျော့တစ်ခုထဲနဲ့ ဘယ်တော့မှ ပြီးဆုံးသွားတယ်ဆိုတာ မရှိဘူး။ ဘာတွေပဲ ဖြစ်ခဲ့ဖြစ်ခဲ့ ပထမအကျော့နဲ့ ဘယ်တော့မှ မပြီးဆုံးဘူး။ ဒုတိယအကျော့မှာ ဘာတွေ ကြုံရမလဲဆိုတာ ကျွန်တော်တို့ သေချာသိတယ်။ အဲ့အတွက် အဆင်သင့်ပါပဲ။ ကျွန်တော်တို့ ဖန်တီးခဲ့တဲ့ အခွင့်အရေးတွေနဲ့ဆိုရင် ပိုကောင်းတဲ့ရလဒ်ကိုတောင် ရနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် အနိုင်ရခဲ့တာပါပဲ။

အခု ဖိုင်နယ်တစ်ပွဲကို အနိုင်ရခဲ့ပြီ။ နောက်အပတ်မှာ နောက်တပွဲကို အနိုင်ယူဖို့လိုတယ်။ ကျွန်တော်တို့ ယုံကြည်မှုရှိပါတယ်။ ဒီထက်ပို ဂိုးသွင်းပြီး၊ ဒီထက်ပို ပေးဂိုးနည်းနိုင်စရာ ရှိခဲ့ပေမယ့် အခုချိန်မှာ အဲ့ဒါတွေကို ပြန်စဉ်းစားဖို့ အချိန်မရှိပါဘူး”လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

စီးတီးဟာ ဒုတိယအကျော့အဖြစ် မေလ ၄ရက်မှာ မက်ဒရစ်ကို သွားကစားရမှာဖြစ်ပြီး အဲ့ဒီ့အချိန်ကျရင် လီဗာပူးနဲ့ ဗီလာရီးရဲလ်တို့ထဲက ဘယ်သူ ဗိုလ်လုပွဲရောက်မလဲဆိုတာ သိရပြီးဖြစ်မှာပါ။ အဝေးဂိုးစည်းမျဉ်း မရှိတော့တာကြောင့် ဒုတိယအကျော့ ပွဲပြီးရလဒ်က အတူတူပဲဖြစ်နေရင် အချိန်ပိုနဲ့ ပင်နယ်တီတွေ ထပ်ကစားရမှာဖြစ်ပါတယ်။