UEFA ဟာ ဘောလုံးစည်းမျဉ်းပိုင်း အပြောင်းအလဲတွေ ပြုလုပ်ရေး ဆွေးနွေးမှုတွေနဲ့အတူ အရှိန်တစ်ခု ယူနေပြီး ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် အဆင့်တွေမှာ အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့ကစားတဲ့ အစဉ်အလာကို ဖျက်သိမ်းလိုက်ဖွယ်ရှိပါတယ်။
လက်ရှိပုံစံမှာ ဆီမီးဖိုင်နယ်ရောက် အသင်းတွေဟာ အိမ်ကွင်း အဝေးကွင်း နှစ်ပွဲ ကစားခဲ့ရတာပါ။ ၁၉၅၅ ကတည်းက စတင်ခဲ့တဲ့ အဆိုပါ စည်းမျဉ်းကို ဥရောပ ဘောလုံးအဖွဲ့ချုပ်ဘက် အပြောင်းအလဲသစ်နဲ့ မိတ်ဆက်ဖို့ ရည်ရွယ်လာပါတယ်။
၂၀၂၄-၂၅ ဘောလုံးရာသီမှာတော့ ချန်ပီယံလိဂ်ပြိုင်ပွဲကို ပုံစံအသစ်နဲ့ မိတ်ဆက်တော့မှာဖြစ်ပြီး အဲ့ဒီ့စီမံကိန်းမှာ ပြိုင်ပွဲဝင်ခွင့်ရမယ့် အပိုအသင်းတွေနဲ့အတူ အုပ်စုပွဲစဉ်တွေကနေ ၆ ပွဲကနေ ၁၀ ပွဲအထိ ဖြစ်သွားနိုင်ဖွယ် ရှိပါတယ်။
ဥရောပကလပ်အဖွဲ့အစည်း ECA ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲသစ်နဲ့ ပတ်သက်လို့ ဆုံးဖြတ်ချက် တစုံတရာ မချရသေးပေမယ့် ဆီမီးဖိုင်နယ်နဲ့ ဖိုင်နယ်ပွဲတွေကို အိမ်ရှင်လုပ်မယ့် တမြို့ထဲမှာပဲ ပွဲတော် အသေးလေးတစ်ခုလို သတ်မှတ်ဧရိယာ တစ်ခုမှာပဲ ကစားကြဖို့ ပိုအားသန်နေတာဖြစ်ပါတယ်။
ဒါဟာ နေးရှင်းလိဂ်ပြိုင်ပွဲနဲ့ အတော်လေး ဆင်တူသွားမှာဖြစ်ပြီး အင်္ဂါနေ့က ၄-၃ နဲ့ ပြီးသွားတဲ့ မန်စီးတီးနဲ့ ရီးရဲလ်မက်ဒရစ်တို့ကြားက စိတ်လှုပ်ရှားစရာ ဒုတိယအကျော့ ပြိုင်ဆိုင်မှုလိုမျိုး ပွဲတွေကို ထပ်တွေ့ရဖို့ အခွင့်အရေး ရှိတော့မှာ မဟုတ်ပါဘူး။

ပရီးမီးယားလိဂ်နဲ့ လာလီဂါ ချန်ပီယံတွေဟာ မန်ချက်စတာမှာ ခြေရည်တူ ယှဉ်ကစားခဲ့ကြပြီး ဘာနေဗျူးက ဒုတိယအကျော့ဟာ မကြာသေးမီက နှစ်တွေအတွင်း ချန်ပီယံလိဂ်မှာ အမျှော်လင့်ဆုံး ပွဲတစ်ပွဲ ဖြစ်လာနိုင်ခြေရှိပါတယ်။
အခုတော့ UEFA ဟာ အဲ့ဒီ့အစား ကိုဗစ်ကာလတုန်းကလိုမျိုး ရှုံးထွက်တစ်ကျော့တည်း ကစားတာဟာ ပိုကြီးမားတဲ့ အန္တရာယ်နဲ့ စိတ်လှုပ်ရှားမှုတွေ ဖြစ်စေမယ်လို့ ယုံကြည်နေပါတယ်။ UEFA က တချို့ပုဂ္ဂိုလ်တွေဟာ ဒီလိုအပြောင်းအလဲကြီးကိုလုပ်ဖို့ ဝန်လေးနေပေမယ့် ဥက္ကဌ ဆီဖာရင်က ဒီစိတ်ကူးကို အကောင်အထည် ဖော်ချင်တဲ့ အကြောင်း အရိပ်အမြွက် ပေးခဲ့ပါတယ်။
“ Super Bowl ကို ကြည့်လိုက်ရင် အဲ့ဒါက ကြီးကျယ်တဲ့ ပွဲတစ်ခုပါ။ သူတို့က သိပ်ကောင်းတဲ့ နည်းလမ်းနဲ့ ကျင်းပကြတယ်။ သူတို့မှာ ဖျော်ဖြေပွဲတွေရှိပြီး လူတွေက အဲ့ဒီ့ကိုသွားကာ ပျော်ရွှင်ကြတယ်။ အဲ့ဒီကိုသွားကစားလို့ ယှဉ်ပြိုင်ရမယ့် နှစ်ပွဲကို ရှုံးရင်တောင် လျော်ကြေးအနေနဲ့ ဝင်ငွေတွေ ပိုရနိုင်တယ်။ ရုပ်သံ၊ စပွန်ဆာတွေအတွက် သိပ်ကောင်းတဲ့ ပွဲတစ်ခု ဖြစ်နိုင်ပါတယ်။
တပတ်ထဲမှာပဲ အမျိုးသမီး ချန်ပီယံလိဂ် ဒါမှမဟုတ် လူငယ်ပြိုင်ပွဲတွေရဲ့ ဖိုင်နယ်ပွဲကို ကြည့်နိုင်မယ်။ သိပ်ကောင်းတဲ့ ဘောလုံး ရက်သတ္တပတ်တစ်ခု ရနိုင်ပါတယ်။ အဲ့ဒီ့ ရှုံးထွက်အဆင့်တွေက ကွဲပြားပြီး ပိုမို စိတ်လှုပ်ရှားစရာ ကောင်းပါတယ်” လို့ ဆီဖာရင်က မနှစ်က ပြောဆိုထားတာ ဖြစ်ပါတယ်။

အပြောင်းအလဲတွေကို နှစ်နှစ်အတွင်း ပြိုင်ပွဲပုံစံအသစ်နဲ့အတူ မိတ်ဆက်ပေးသွားမှာဖြစ်လို့ ၂၀၂၄ ဖိုင်နယ်ဟာ အစဉ်အလာပုံစံနဲ့ ကစားမယ့် နောက်ဆုံး ချန်ပီယံလိဂ်ပွဲ ဖြစ်ပါလိမ့်မယ်။
ECA ဥက္ကဌနဲ့ ပီအက်စ်ဂျီ အသင်းပိုင်ရှင်ဖြစ်တဲ့ အယ်ခီလိုင်ဖီဟာ ဒီပုံစံအသစ်ကို ထောက်ခံအားပေးသူတစ်ယောက်ဖြစ်ပြီး NFL ရဲ့ ပြပွဲလိုမျိုး ပွဲအခမ်းအနားတစ်ခု ဖြစ်လာစေမယ့် အပြောင်းအလဲတွေကို ကြိုဆိုခဲ့ပါတယ်။
“ Super Bowl ပွဲမှာ အဲ့ဒီ့လို စိတ်ဓာတ်၊ ဖန်တီးနိုင်စွမ်းနဲ့ ဖျော်ဖြေမှုရှိတယ်။ ဒါကြောင့် ချန်ပီယံလိဂ် ဖွင့်ပွဲအခမ်းအနားလုပ်ဖို့၊ အဖွင့်ညမှာ ပွဲတစ်ပွဲကစားဖို့၊ အနည်းဆုံးတော့ ရိုးနေတဲ့ လမ်းဟောင်းကြီးကနေ ခွဲထွက်ဖို့ စိန်ခေါ်မှု လုပ်ကြတာပေါ့။ ပွဲတစ်ပွဲစီတိုင်းက ပွဲတော်တစ်ခုနဲ့ ဖျော်ဖြေမှုဖြစ်ဖို့ လိုအပ်ပါတယ် ” လို့ ခီလိုင်ဖီက ပြောကြားခဲ့တာဖြစ်ပါတယ်။
