ဒုတိယအကျော့ ငါတို့ကွင်းမှာ မင်းတို့ နာမယ်လို့ လီဗာပူးကို ကြို စိန်ခေါ်သွားတဲ့ အူနိုင်း အမ်မရီ

ဗီလာရီးရဲလ်နည်းပြ အမ်မရီက အန်ဖီးက ပထမအကျော့ပွဲကို ၂-၀ ဖြင့် အရေးနိမ့်ခဲ့ပေမယ့် ဒုတိယအကျော့ဟာ သူတို့ အိမ်ကွင်းမှာ ယှဉ်ပြိုင်ရမှာပါလို့ အန်ဖီးကလပ်ကို သတိပေးလိုက်ပါတယ်။

ပထမပိုင်းမှာ လီဗာပူးတိုက်စစ်ကို ကြံ့ကြံ့ခံနိုင်ခဲ့တဲ့ ဗီလာရီးရဲလ် ခံစစ်ကြောင်းဟာ ဒုတိယပိုင်းမှာတော့ ဟန်ဒါဆန်၊ မာနေးတို့ရဲ့ ၂ မိနစ်အတွင်း ၂ ဂိုးကို လျှင်လျှင်မြန်မြန် ထိုးဖောက် သွင်းယူမှုအား ခွင့်ပြုခဲ့ရတယ်။ ဒါပေမယ့်လို့ လီဗာပူးတိုက်စစ်က အခွင့်အရေးတွေကို ပိုယူနိုင်ရင် ဒီထက် ဂိုးပြတ်နိုင်ခဲ့သေးတာ ဖြစ်ပါတယ်။

ယာဂင်ကလော့ပ်ရဲ့ အသင်းဟာ ထိုက်တန်တဲ့ နိုင်ပွဲကို ရခဲ့တာလို့ အမ်မရီက ဝန်ခံပေမယ့် လက်လျော့ အရှုံးပေးမှာ မဟုတ်ဘဲ ဒုတိယအကျော့အတွက် စိန်ခေါ်သွားခဲ့ပါတယ်။

အူနိုင်း အမ်မရီက ” လီဗာပူးက သူတို့နိုင်ပွဲရဖို့ ထိုက်တန်ပါတယ်။ ကျနော်တို့ ပထမပိုင်းမှာ ကောင်းခဲ့ပါတယ်။ ဒါပေမယ့် ကောင်တာတိုက်စစ်ကို အပြည့်အဝ မကစားနိုင်ခဲ့ပါဘူး။ ဒုတိယပိုင်းမှာတော့ သူတို့က အပြစ်ပေးခဲ့ပြီး ဂိုးတွေသွင်းခဲ့တယ်။ ထိုက်တန်တဲ့ ဂိုးတွေဖြစ်ပါတယ်။

၂-၀ ဆိုတဲ့ရလဒ်က သူတို့အတွက် ကောင်းမွန်တဲ့ ရလဒ်ဖြစ်ခဲ့တယ်။ ကျနော်တို့အတွက်တော့ အဲ့တာက ရလဒ်ကောင်း မဟုတ်ပါဘူး။ ဒါပေမယ့် ကျနော်တို့တွေ ပိုကောင်းကောင်း ခုခံဖို့ ကြိုးစားခဲ့ပါတယ်။ နောက်ပွဲက ကျနော်တို့ရဲ့ ပရိသတ်တွေရှေ့ ကစားရမှာမို့ အရမ်းကို ခြားနားပါလိမ့်မယ်။

နည်းစနစ်ပိုင်းမှာ အပြောင်းအလဲ လုပ်နိုင်ဖို့ လိုအပ်တာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့်လို့ သူတို့တွေ ကျနော်တို့ အိမ်ကွင်းလာမယ်ဆိုရင် အခုထက်တော့ ပိုပြီး ခံစားကြရမှာဖြစ်ပါတယ် ” လို့ ဒုတိယအကျော့အတွက် သတိပေးစကား ပြောဆိုခဲ့တာဖြစ်ပါတယ်။

နောက်အပတ် စပိန်မှာတော့ လီဗာပူးအသင်းဟာ ပြင်းထန်တဲ့ အိမ်ရှင်ဖိအားနဲ့အတူ စောင့်ကြိုနေမယ့် ဗီလာရီးရဲလ်အသင်းကို ရင်ဆိုင်ရမှာဖြစ်တယ်။ အဲ့မတိုင်ခင် ဒီပိတ်ရက်မှာတော့ နယူးကာဆယ် အိမ်ကွင်းထံသွားပြီး ယှဉ်ပြိုင်ရဖို့ ရှိနေတာဖြစ်ပါတယ်။