လီဗာပူးအသင်းရဲ့ အန်ဖီးကွင်းက ထူးချွန်ပြောင်မြောက်တဲ့ ခြေစွမ်းကို မြင်ရပြီးတဲ့နောက်မှာ ပရီးမီးယားလိဂ် ခံစစ်မှူးဟောင်း ဖာဒီနန်က လက်ဖျားခါတဲ့ ချီးကျူးမှုတွေ ပြုလုပ်ခဲ့ပါတယ်။
ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အဖြစ် လီဗာပူးက လာလီဂါကလပ် ဗီလာရီးရဲလ်ကို ဧည့်ခံရာမှာ ဧည့်သည်အသင်းက ဘယ်လိုမှ ပြိုင်ဘက်ကောင်း မဖြစ်ခဲ့တာပါ။ တစ်ပွဲလုံးမှ ဂိုးပေါက် ကန်သွင်းချက် ၁ ကြိမ်ပဲ လုပ်နိုင်ခဲ့ကာ ဒါဟာ ဆီမီးဖိုင်နယ်အဆင့်မှာ အဆိုးရွားဆုံး ဂိုးပေါက် ခြိမ်းခြောက်မှုအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
လီဗာပူးအသင်းဘက်က အခွင့်အရေးတွေကို ဆုပ်ကိုင်နိုင်ရင် ဂိုး အတော်လေး ပြတ်ခဲ့မှာဖြစ်ပေမယ့် ဟန်ဒါဆန်၊ မာနေးတို့ရဲ့ သွင်းဂိုးတွေနဲ့အတူ အိမ်ကွင်းမှာ ၂-၀ ဆိုတဲ့ ရလဒ်ကိုပဲ ထိန်းသိမ်းဖို့ နည်းပြကလော့ပ်က ဆုံးဖြတ်ခဲ့ပါတယ်။

ပွဲအပြီးမှာ ဖာဒီနန်က ” ဒါက မြင်ဖူးသမျှ အကောင်းဆုံး လီဗာပူးအသင်းပဲ။ ဘောလုံး မရှိချိန်တွေမှာလည်း အညှာအတာ ကင်းလွန်းလှတယ်။ သူတို့ရဲ့ အသင်းတွေကို ဖိအားပေးမှုနဲ့ ချိတ်ဆက်ကစားမှု၊ သက်ရောက်မှုတွေက အံ့အားသင့်စရာပါပဲ။
အကယ်လို့ လီဗာပူးအသင်းက တစ်ရာသီ ဆုဖလားလေးလုံးဆိုတဲ့ quadruple ကို လုပ်နိုင်ရင် သူတို့က မသေမျိုးတွေဖြစ်သွားလိမ့်မယ်။ သူတို့က ဘောလုံးအားကစားမှာ အားလုံးရဲ့ အထက်ကို ရောက်သွားလိမ့်မယ်။
သူတို့အသင်းမှာ စည်းလုံညီညွတ်မှုတွေ အပြည့်ရှိနေတယ်။ ကျေနပ်မှုတွေကိုလည်း အပြည့်အဝ ထိန်းချုပ်ထားခဲ့တယ်။ ဟန်ဒို၊ ရိုဘို၊ ထရန့်နဲ့ ဗန်ဒိုက်တို့က တကယ့် ခေါင်းဆောင်တွေပါပဲ ” ဆိုပြီး ချီးကျူးခဲ့တာဖြစ်ပါတယ်။
ဒီပွဲမှာတေ့ာ ကွင်းလယ်လူ သီယေဂိုက အထူး ခြေစွမ်းပြခဲ့ကာ ပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကို ရခဲ့ပါတယ်။ စပိန်သားဟာ ဒီလထဲမှာ လီဗာပူးအတွက် တောက်လျှောက် ခြေစွမ်းပြနေခဲ့တာဖြစ်ကာ ကြံ့ခိုင်မှု အပြည့်နဲ့ ပြန်ကစားနိုင်နေပြီဖြစ်တယ်။
လာမယ့် စနေနေ့မှာတော့ လီဗာပူးအသင်းက နယူးကာဆယ်အသင်းထံ အဝေးကွင်း သွားကစားရမှာဖြစ်ပြီး လာမယ့် အပတ်မှာတော့ စပိန်မြေထံသွားကာ ဗီလာရီးရဲလ်နဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ကို ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
