မန်စီးတီး ၄-၃ ရီးရဲလ်မက်ဒရစ်တို့ရဲ့ ချန်ပီယံလိဂ်ပွဲမှာ အောင်မြင်သူ ၃ ဦး၊ ရှုံးနိမ့်သူ ၃ ဦး

မန်စီးတီးဟာ မှင်သက်ဖွယ် အကောင်းဆုံး ဆီမီးဖိုင်နယ်ပွဲစဉ် တစ်ခုမှာ ရီးရဲလ်မက်ဒရစ်ကို ၄-၃ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။

စီးတီးဟာ ဒီဘရိုင်း၊ ဂျေးဆုတို့ရဲ့ အစောပိုင်း ဂိုး ၂ ဂိုးနဲ့ ဦးဆောင်ခဲ့ပေမယ့် ဘန်ဇီမာက ပထမပိုင်းမပြီးခင် ချေပဂိုးတစ်ဂိုး ပြန်သွင်းယူခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ဖိုဒန်ရဲ့ သွင်းဂိုးနဲ့ စီးတီးတို့ ၂ ဂိုးပြတ် အသာပြန်ရခဲ့ပေမယ့် သိပ်တော့မကြာခဲ့ပါဘူး။

ပွဲပြန်စပြီး ချက်ချင်း ဆိုသလိုပဲ ဗင်နေးစီးယပ် ဂျူနီယာက သိပ်ကောင်းတဲ့ ဘောလုံးဆွဲပြေးမှု လုပ်ခဲ့ပြီး အီဒါဆန်ကို ကျော်ဖြတ်သွင်းယူခဲ့ကာ မက်ဒရစ်အတွက် နောက်ထပ်တစ်ကြိမ် မျှော်လင့်ချက် ပေးခဲ့ပါတယ်။ ဒါပေမယ့် အာရုံစူးစိုက်မှု ပျက်ယွင်းမှုကြောင့် ဘာနာဒိုဆေးဗားရဲ့ စီးတီးအတွက် စတုတ္ထဂိုးကို ပေးလိုက်ရပြီး ပွဲက တဖန်ပြင်းထန်လာခဲ့ပါတယ်။

လာပေါ်တေးရဲ့ လက်ထိဘောကြောင့် မက်ဒရစ် ပင်နယ်တီရခဲ့ပြီး ဘန်ဇီးမားက အောင်မြင်စွာ ကန်သွင်းယူခဲ့ကာ ၄-၃ ဖြစ်စေခဲ့ပါတယ်။ စီးတီးက တစ်ပွဲလုံးမှာ ပိုကောင်းတဲ့အသင်း ဖြစ်ခဲ့ပေမယ့် ပက်ဂွာဒီယိုလာရဲ့ အသင်းက ပွဲကို ကောင်းကောင်း မဖြတ်ထားနိုင်ခဲ့တဲ့ အပေါ် စိတ်ရှုပ်နေမှာဖြစ်ပါတယ်။

အီသီဟဒ်က ချန်ပီယံလိဂ် ထူးချွန်အဆင့် ပွဲအပြီး တောက်ပခဲ့သူတွေနဲ့ ခြေစွမ်း ညံ့ဖျင်းခဲ့သူတွေကို ဗြိတိန် ဘောလုံးဌာန Mirror က အခုလို ရွေးထုတ်ခဲ့ပါတယ်။

အောင်မြင်သူများ

ဒီဘရိုင်း

ဒီဘရိုင်းဟာ ၉၄ စက္ကန့်အတွင်း ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်သမိုင်းမှာ အမြန်ဆုံးဂိုးကို သွင်းယူခဲ့ပြီး နောက် ၈ မိနစ်အကြာမှာ ဂျေးဆုရဲ့ဂိုးကို ဖန်တီးပေးခဲ့သလို စီးတီးဟာ အိမ်ကွင်းပရိသတ်တွေရှေ့မှာ သိပ်ကောင်းတဲ့ စတင်မှုကို ရရှိခဲ့ပါတယ်။

ပရီးမီးယားလိဂ် အသင်းတွေအားလုံး ကောင်းကောင်းနားလည်ထားသလိုမျိုး ဒီဘရိုင်းကို တခါတလေ ထိန်းချုပ်လို့ မရနိုင်ပါဘူး။ သူဟာ ဒီပွဲမှာ ကွင်းလယ်ကို လွှမ်းမိုးထားခဲ့သလို မက်ဒရစ်ကွင်းလယ်ပိုင်းက မှင်သက်သွားခဲ့ရပါတယ်။

ဂေဘရီရယ် ဂျေးဆု

၁၁ မိနစ်မှာ ကံကောင်းစွာနဲ့ မီလီတာအိုရဲ့ အမှားကနေ ဂိုးတစ်ဂိုး ရရှိခဲ့ပေမယ့် အဆုံးသတ်ကောင်းဖို့ လိုအပ်နေဆဲပါ။ သူက ဒီပွဲမှာ အောင်မြင်သူတစ်ယောက် ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် စီးတီးဟာ သူ့ကို အာဆင်နယ်ထံ ရောင်းချဖို့ စိတ်ဝင်စားနေဆဲလို့ ယူဆရတယ်။ ဂျေးဆုကြောင့် မန်စီးတီးက အသုံးစရိတ် တစ်ခုကို ပြန်ရှာနိုင်မယ်ဆိုပေမယ့် တန်ရဲ့လားဆိုတာ မေးခွန်းတစ်ခု ဖြစ်နေပါတယ်။

ကာရင် ဘန်ဇီမာ

သူဟာ နာရီဝက် မတိုင်ခင်အထိ ဘောလုံးသိပ်မထိခဲ့ရသလို သူ့အတွက် စိတ်ပျက်စရာ ညတစ်ည ဖြစ်လာဖို့ ရှိခဲ့ပေမယ့် ဖာလန်မန်ဒီရဲ့ မျှော်လင့်ချက်ဘောလုံးကို ဂိုးအဖြစ် ပြောင်းလဲပေးခဲ့သလို မက်ဒရစ်ဂျာစီနဲ့ သူ့ရဲ့ အကောင်းဆုံးရာသီကို ဆက်လက် ရရှိနေပါတယ်။

သူဟာ ပွဲချိန်နှောင်းပိုင်းမှာလည်း ခြေစွမ်းကောင်းတွေကို ပြသခဲ့ပြီး နောက်ကျပင်နယ်တီကို အောင်အောင်မြင်မြင် ကန်သွင်းခဲ့သလို ဘာနေဗျူးက ပွဲမတိုင်ခင် တစ်ဂိုးသာ ရှုံးထားစေတာ ဖြစ်ပါတယ်။ ဘန်ဇီမာဟာ ဒုတိယအကျော့မှာ မက်ဒရစ်နဲ့အတူ ပြန်လာနိုင်ဖို့ နောက်ထပ် အခွင့်အရေး ရရှိမှာ ဖြစ်ပါတယ်။

ရှုံးနိမ့်သူများ

အီဒါ မီလီတာအို

သူ့ရဲ့ အမှားကနေ ဂျေးဆုကို ဈေးပေါတဲ့ ဒုတိယဂိုး ပေးလိုက်ရပြီး အခွင့်အရေးတိုင်းမှာ တိုက်စစ်ကို လိုက်ပါစွန့်စားတဲ့အချိန် ခံစစ်ကို လှစ်ဟာစေခဲ့တာပါ။ နောက်တန်းမှာ သူ့ရဲ့ ကသုတ်ကယက်နိုင်တဲ့ ပေးပို့မှုက ခံစစ်ကို ခြိမ်းခြောက်မှုတွေအောက် ရောက်စေခဲ့သလို သူက ယုံကြည်မှု ပျောက်ဆုံးနေသလို ဖြစ်ခဲ့ပါတယ်။

စီးတီးပြသခဲ့တဲ့ အစောပိုင်း အရှိန်အဟုန်ကြောင့်ဖြစ်ဖြစ်၊ အစောပိုင်းအမှားတွေကို သူ့ခေါင်းထဲကနေ မထုတ်နိုင်ခဲ့တာကြောင့် မီလီတာအိုအတွက် ဆိုးရွားတဲ့ ပွဲစဉ်ပါပဲ။ ဒါပေမယ့် ဒုတိယအကျော့ ဘာနေဗျူးကျရင် ဒါတွေကို အမှန်ပြန်ပြင်နိုင်ပါတယ်။

တိုနီခရူးစ်

ကာဆီမီရို ဒဏ်ရာကြောင့် အရံခုံထိုင်ခဲ့ရတာနဲ့အတူ ခရူးစ်ဟာ သူ့ရဲ့နေရာလပ်ကိုပါ ဖြည့်ဆည်းရင်း ခက်ခဲတဲ့ တာဝန်ကို ထမ်းဆောင်ခဲ့ရပါတယ်။ သူ ရုန်းကန်နေရတာက သူ့အသင်းဖော် လုပ်တဲ့အလုပ်က ဘယ်လောက်ကောင်းလဲဆိုတာ သက်သေပြနေတာပါ။

ကွင်းလယ်ခံစစ်ပိုင်းထိ ဆင်းနေရတဲ့ သူဟာ မက်ဒရစ်ရဲ့ ခံစစ်လေးယောက်ရှေ့မှာ အကျပ်ရိုက်နေခဲ့ပြီး ပုံမှန်ဆို ကာဆီမီရို ထိန်းချုပ်ထားမယ့် နေရာတစ်ခုမှာ စီးတီးတို့ နေရာလွတ်များစွာ ရနေခဲ့ပါတယ်။ ဒုတိယအကျော့ကျရင်တော့ ကာဆီမီရို ပြန်ကစားနိုင်ဖို့ သူမျှော်လင့်နေမှာ သေချာပါတယ်။

ဖက်ဒရီကို ဗယ်ဗာဒီ

ကာဆီမီရို မရှိတော့ ခရူးစ်က ကွင်းလယ်ခံစစ်အသစ် ဖြစ်လာခဲ့ပြီး ဗယ်ဗာဒီက ခရူးစ်၊ မိုဒရစ်တို့နဲ့အတူ ကွင်းလယ်မှာ ကစားခဲ့ရပါတယ်။ နောက်ပိုင်းမှာ ကာမာဗင်ဂါ ဝင်လာတော့ ဗယ်ဗာဒီဟာ တောင်ပံကို ပြန်ရောက်သွားခဲ့ပါတယ်။ ဒီလိုပုံစံမျိုးကို ပွဲအစကတည်းက ပရိသတ်တွေ မျှော်လင့်နေခဲ့တာပါ။ အဲ့ဒီ့အပြောင်းအလဲ မတိုင်ခင်အထိ ဗယ်ဗာဒီဟာ နေရာသစ်မှာ ခရူးစ်နဲ့အတူ ရုန်းကန်ခဲ့ရပါတယ်။