အရမ်းကောင်းပါတယ်ဆိုတဲ့ လီဗာပူးကိုမှ အနိုင်ယူပြချင်နေတာလို့ အူနိုင်း အမ်မရီ ထုတ်ပြော

ဗီလာရီးရဲလ် မန်နေဂျာ အူနိုင်းအမ်မရီက ဆီမီးဖိုင်နယ် ပြိုင်ဘက် လီဗာပူးအသင်းကို ရင်ဆိုင်ရာမှာ အနိုင်ယူ ကျော်ဖြတ်နိုင်ဖို့ စိတ်အား ထက်သန်နေပါတယ်။

ဂျူဗင်တပ်နဲ့ ဘိုင်ယန်မြူးနစ်တို့ကို ကျော်ဖြတ်လာခဲ့တဲ့ လာလီဂါကလပ်ဟာ အကောင်းဆုံး ခြေစွမ်းနဲ့ လူစာရင်းကို ပိုင်ဆိုင်ထားတဲ့ လီဗာပူးအသင်းနဲ့ ယှဉ်ပြိုင်ရတော့မှာ ဖြစ်ပါတယ်။ ဆီမီးအဆင့်ဟာ ဗီလာရီးရဲလ်နဲ့ ထိုက်တန်ကြောင်းနဲ့ သူတို့အတွက် လေးစားမှုကို ဒီပွဲမှာ ရယူပြမယ်လို့ အမ်မရီက ဆိုပါတယ်။

” ကျနော်တို့က ဆီမီးဖိုင်နယ်အဆင့်ကို ထိုက်ထိုက်တန်တန် တက်ရောက်လာတာ ဖြစ်ပါတယ်။ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ကို တက်ရောက်လာတဲ့ အသင်းတိုင်းက ထိုက်တန်လို့ ရောက်လာတာချည်းပါပဲ။

ဥရောပမှာ ကျနော်တို့ရဲ့ ကောင်းမွန်တဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်လို့ လီဗာပူးအသင်းက သိထားပြီး ဖြစ်ပါလိမ့်မယ်။ ကျနော်တို့က ဂျူဗင်တပ်နဲ့ ဘိုင်ယန်မြူးနစ်ဆိုတဲ့ အသင်းကောင်း နှစ်သင်းကို ဖြုတ်ချလာခဲ့တာဖြစ်တယ်။ ဒီပွဲက မလွယ်ဘူးဆိုတာ လီဗာပူး သိပါတယ်။

လက်ရှိ လီဗာပူးအသင်းဟာ ကျနော် မှတ်မိသလောက် အကောင်းဆုံး လီဗာပူးအသင်းပဲ ဖြစ်ပါတယ်။ သူတို့က ဒီပွဲရဲ့ ရေပန်းစားအသင်းလို့ ခံစားမိနေကြပါလိမ့်မယ်။ ဒါပေမယ့် ကျနော်တို့အတွက် လေးစားမှုကို ရယူမှာဖြစ်ပါတယ်” လို့ အမ်မရီက ပြောဆိုခဲ့တယ်။

ဗီလာရီးရဲလ်ဟာ မနှစ်က ဘောလုံးရာသီ ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ ပရီးမီးယားလိဂ်ကလပ် ယူနိုက်တက်ကို အနိုင်ယူပြီး သူတို့အသင်းသမိုင်းမှာ ပထမဆုံးသော ဥရောပဖလားကို အနိုင်ရခဲ့ပါတယ်။ ဒါပေမယ့် လီဗာပူးနဲ့ ချန်ပီယံလိဂ်ဟာ ယူနိုက်တက်နဲ့ ယူရိုပါလိဂ်ထက် ပိုကြီးမားတဲ့ စိန်ခေါ်မှုလို့ စပိန်နည်းပြကြီးက မြင်ပါတယ်။

” အရင်ကထက် ပိုကြီးမားတဲ့ စိန်ခေါ်မှုကို ရင်ဆိုင်ရပါတော့မယ်။ အံ့သြမှုတွေလည်း ရှိနေမှာ မဟုတ်ပါဘူး။ လီဗာပူးက ချန်ပီယံလိဂ်ကို အနိုင်ရဖို့ ရေပန်းစား အသင်းတွေထဲက တစ်သင်းဖြစ်ပါတယ်။ သူတို့အသင်းဟာ ယာဂင်ကလော့ပ်ရဲ့ ပုံစံတွေ ထင်ဟပ်နေပြီး စိတ်အားထက်သန်မှုနဲ့အတူ ပျော်ရွှင်စွာ ကစားနေပါတယ်။ အခု အခြေအနေမှာ သူတို့က အကောင်းဆုံး ခြေစွမ်းတွေ ရနေပါတယ်။

အန်ဖီးမှာ လီဗာပူးကို ရင်ဆိုင်ရတဲ့ စိန်ခေါ်မှုကို သတိရနေပါသေးတယ်။ သူတို့ ဆက်ပြီး တိုးတက်လာနေသလို ဒီလို တိုးတက်လာဖို့ ကလော့ပ် ဘယ်လိုတွေတောင် ဖန်တီးခဲ့တယ် ဆိုတာကို ကျနော် အသိအမှတ်ပြုပါတယ်။ အဲ့တာကပဲ ကျနော်ကို လုံ့ဆော်မှုတွေ ပေးနေပါတယ်။

ကျနော်ကတော့ အကောင်းတကာ့ အကောင်းဆုံးဆိုတဲ့ လီဗာပူးဗားရှင်းကို အနိုင်ယူဖို့ ကြိုးစားမှာပါ။ အဲ့အတွက် ကျနော်တို့ရဲ့ အကောင်းဆုံး ဗာရှင်းကို ပြသနိုင်ဖို့ လိုအပ်ပါတယ် ” လို့ အူနိုင်း အမ်မရီက ပွဲကြို စိန်ခေါ်စကား ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။