စီစဉ်ထားတဲ့ ပလန်ကို ပြောင်းပြန်ကစားခဲ့လို့ အရေးနိမ့်ခဲ့တာလို့ အန်ဆယ်လော့တီ ရှင်းပြ

အန်ဆယ်လော့တီက အီသီဟက်မှာ သူ့ရဲ့ ပလန်က ခံစစ်ကို ပိုကောင်းကောင်း ကစားဖို့ ဖြစ်ပေမယ့်လို့ ပွဲက တိုက်စစ်ပိုအားသန်ခဲ့ကြတယ်လို့ ဝန်ခံပါတယ်။

ရီးရဲလ်မက်ဒရစ်ရဲ့ အထနှေးမှုကြောင့် စီးတီးက ဦးဆောင်ဂိုး ၂ ဂိုး ရယူခဲ့ချိန်မှာ တန်ပြန်တိုက်ဖို့ကို လာလီဂါကလပ်ဘက်က ရွေးချယ်ခဲ့ပါတယ်။ အဲ့တာက အလုပ်ဖြစ်ခဲ့ပြီး ခြေပဂိုးတွေ ပြန်ရယူနိုင်ခဲ့ပေမယ့် သူတို့ ခံစစ်ကလည်း မန်စီးတီး ခံစစ်လို အမှားတွေ များခဲ့တာဖြစ်တယ်။

တိုက်စစ်သမားတွေ ခြေစွမ်းပြနိုင်ခဲ့ကာ ခံစစ်သမားတွေရဲ့ အားနည်းချက်တွေ ပေါ်လွင်ခဲ့တဲ့ ပွဲစဉ်အပြီး ရီးရဲလ်မက်ဒရစ် မန်နေဂျာကတော့ အဝတ်လဲခန်းထဲက ပွဲပလန်တွေဟာ ဒီပွဲမှာ အလုပ်မဖြစ်ခဲ့ဘူးလို့ ဆိုပါတယ်။

” ကျနော်တို့ မျှော်လင့်ထားသလို မဟုတ်ခဲ့သလို ပွဲပလန်ကလည်း တိုက်စစ်ကစားဖို့ မဟုတ်ပါဘူး။ ကျနော်တို့ရဲ့ ပလန်က ခံစစ်ကို ပိုကောင်းကောင်း ကာကွယ်ဖို့ပါ။ ကျနော်တို့ ဆိုးဆိုးရွားရွားနဲ့ ပွဲကို စတင်ခဲ့တာဖြစ်ပြီး ခပ်စောစောမှာတင် ဂိုး ၂ ဂိုး ခွင့်ပြုခဲ့ရပါတယ်။

ဒါပေမယ့် ကျနော်တို့ ပြန်ပြီး တုန့်ပြန်နိုင်ခဲ့တယ်။ တုန့်ပြန်ပုံကလည်း ကောင်းမွန်ခဲ့တယ်။ ပွဲထဲမှာ ဆက်ရှိနေခဲ့ပြီး ဒီအကျော့မှာ ကျနော်တို့ ဆက်ရှိနေအောင် လုပ်နိုင်ခဲ့ပါတယ်။ ကျနော်တို အိမ်ကွင်းပွဲ ကစားရတော့မယ်၊ ပရိသတ်တွေက ကျနော်တို့ကို အကူအညီ ပေးနိုင်ကြပါလိမ့်မယ်။

ဒီပွဲကို နားလည်ဖို့က လွယ်ကူပါတယ်။ ကျနော်တို့ ကောင်းကောင်းခုခံခဲ့တယ်။ ဂွာဒီယိုလာလည်း ဒီလိုပဲ ပြောမှာပါပဲ။ ခံစစ်သမားတွေထက်စာရင် တိုက်စစ်သမားတွေအတွက် ပိုကောင်းတဲ့ ပွဲကောင်းဖြစ်ခဲ့ပါတယ် ” လို့ အန်ဆယ်လော့တီက ဆိုခဲ့တာဖြစ်ပါတယ်။

ဒုတိယအကျော့မှာတော့ မန်စီးတီးဟာ စပိန်ကို သွားရောက်ပြီး ယှဉ်ပြိုင်ရမှာပါ။ ရီးရဲလ်မက်ဒရစ်ဟာ အိမ်ကွင်းမှာတော့ မန်စီးတီးကို အနိုင်ရဖို့ ရေပန်းစားပါလိမ့်မယ်။ ဒါပေမယ့် အန်ဆယ်လော့တီကတော့ စီးတီးကို ပိုမို ရေပန်းစားတဲ့ အသင်းအဖြစ် နေရာပေးခဲ့ပြီး ပွဲက လမ်းပွင့်နေဆဲပါလို့ မှတ်ချက်ပေးခဲ့တယ်။

အန်ဆယ်လော့တီကပဲ ” မန်စီးတီးက အသာစီး ရနေပါတယ်။ သူတို့က တစ်ဂိုး ပိုသွင်းထားတာပါ။ ဒါပေမယ့် ဘာနေဗျူးမှာတော့ ဘာမဆိုဖြစ်နိုင်ပါတယ် ” လို့ မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။