မန်စီးတီး ကွင်းလယ်လူ ဘာနာတို ဆေးဗားက ဒီရာသီမှာ သူတို့အသင်းဟာ ပရီးမီးယားလိဂ်ကိုကော ချန်ပီယံလိဂ်ကိုပါ အနိုင်ရဖို့ ရည်မှန်းထားပါတယ်လို့ ထုတ်ပြောလာပါတယ်။
ကွင်းလယ်လူဟာ မန်ချက်စတာကနေ ထွက်ခွာမယ်လို့ သတင်းတွေ ကြီးခဲ့ပေမယ့် ဒီရာသီမှာ ဆက်နေခဲ့ကာ ခြေစွမ်းပြ ကစားနေတာဖြစ်ပါတယ်။ သူက ဆုဖလားတိုင်းကို စိန်ခေါ်နိုင်တဲ့ မန်စီးတီးမှာ ကစားရတာဟာ အရမ်းကောင်းတဲ့ ကိစ္စဖြစ်သလို သူ့ကစားသမားဘဝ အကောင်းဆုံး အတွေ့အကြုံပါလို့ ဆိုခဲ့တယ်။
ဒါ့အပြင် သူကပဲ ချန်ပီယံလိဂ်ဝင်ခွင့်တောင် အနိုင်နိုင်ဖြစ်နေတဲ့ အသင်းထက်စာရင် မန်စီးတီးမှာ ဆုဖလားတွေ စိန်ခေါ်နေရတာက အပုံကြီး သာပါတယ်လို့ လက်ရှိ အနေအထားအတွက် ကျေနပ်မှုကို ဖွင့်ပြောခဲ့ပါတယ်။

ဘာနာတိုက “ ကျနော်အတွက်တော့ ဘာမှ မပြောင်းလဲပါဘူး။ မန်စီးတီးကို ရောက်လာကတည်းက ကျနော်ရဲ့ အကောင်းဆုံးတွေကို ပေးဖို့ ကြိုးစားခဲ့တာပါ။ ဒါပေမယ့်လို့ တခါတလေတော့ ပိုကောင်းကောင်း ကစားနိုင်တဲ့ အခြေအနေဆိုတာ ရှိတာပေါ့။
ဒီရာသီမှာ ကျနော်တင် မဟုတ်ဘဲ တစ်သင်းလုံးက အရမ်းကောင်းပါတယ်။ မနှစ်ကလည်း သိပ်ကောင်းပါတယ်။ ကုန်ခဲ့တဲ့ ၅ ရာသီမှာ ကျနော်တို့ ကောင်းကောင်းမကစားနိုင်တာ ကျနော်ရဲ့ တတိယမြောက် ဘောလုံးရာသီ တစ်ရာသီပဲ ရှိခဲ့ပါတယ်။ အဲ့တာကလွဲရင် မယုံနိုင်စရာပါပဲ။
ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ်လို အရေးပါတဲ့ ဆုဖလားတွေအတွက် တိုက်ခိုက်နေရဆဲ ဆိုပေမယ့် ကျနော်တို့ ရည်မှန်းချက်အတိုင်း အက်ဖ်အေဖလား၊ ကာရာဘောင်းဖလားတွေမှာ မလုပ်ပြနိုင်တာအတွက် စိတ်ပျက်မိပါတယ်။ မန်စီးတီးနဲ့အတူ ရှိနေသလို အတွေ့အကြုံမျိုးကို ကျနော် တစ်ကြိမ်မှ မရဖူးပါဘူး။
စီးတီးကို ပြောင်းလာခဲ့တဲ့ ၅ နှစ်အတွင်းမှာ ဆုဖလား ၁၀ လုံး အနိုင်ရခဲ့တယ်။ အဲ့တာကြောင့် ဘောလုံးရာသီတိုင်းမှာ ဆုဖလားတွေ အနိုင်ရနေတယ်လို့ ဆိုလိုပြီး ထပ်ပြီး အနိုင်ရဖို့ ဆာလောင်နေဆဲဖြစ်သလို အနိုင်ရချင်နေဆဲပါပဲ။ ပရီးမီးယားလိဂ်မှာ လီဗာပူးကို အနိုင်ယူဖို့ ဆာလောင်နေဆဲပါ။ ချန်ပီယံလိဂ်မှာ ဗိုလ်လုပွဲကို ရောက်အောင် ကြိုးစားချင်ပြီး အနိုင်ရဖို့ ရည်မှန်းထားပါတယ်။
ဒီဖိအားတွေကို ကျနော် ကြိုက်ပါတယ်။ ဒီမှာကြည့် တန်းဆင်းဇုန်မှာ ရုန်းနေရတာ ဒါမှမဟုတ် အဆင့်လေးအတွက် ရုန်းကန်နေရတာ ဒါမှမဟုတ် ယူရိုပါလိဂ် ကွန်းဖရန့်လိဂ်အတွက်တောင် အနိုင်နိုင် အားထုတ်နေရတာထက် စာရင် ကျနော်တို့အသင်း ဆုဖလားတွေအတွက် တိုက်ခိုက်နေရတယ်ဆိုတာ ကျနော်တို့က သိပ်ကောင်းတဲ့အသင်း ဖြစ်နေလို့ပါပဲ ” လို့ ဆိုသွားခဲ့တာ ဖြစ်ပါတယ်။
