ပက်ဂွာဒီယိုလာဟာ မန်စီးတီးနဲ့ ချန်ပီယံလိဂ် ရရင်တောင် ဒီနွေရာသီမှာ စာချုပ်သစ် ထပ်ချုပ်လိမ့်မယ်လို့ မန်စီးတီးက ယုံကြည်နေကြောင်း Mirror သတင်းဌာနက ဖော်ပြပါတယ်။
ဂွာဒီယိုလာဟာ လက်ရှိစာချုပ်မှာ နောက်တစ်ရာသီပဲ ကျန်တော့ပေမယ့် ၂၀၂၅ မတိုင်ခင်အထိ အီသီဟဒ်မှာ ဆက်ရှိနေဖို့နဲ့ အေးဂျင့်နဲ့ ဆွေးနွေးမှုတွေ လုပ်နေပြီး ဖြစ်ပါတယ်။ အဓိကကတော့ သူဟာ နောက်လမှာ ချန်ပီယံလိဂ်ဖလား ရခဲ့ရင်တောင် မန်ချက်စတာမှာ မပြီးပြတ်သေးတဲ့ အလုပ်တွေ ကျန်နေဦးမှာပါ။

ဂွာဒီယိုလာအနေနဲ့ မက်ဆီ မပါတဲ့ အသင်းတစ်သင်းနဲ့အတူ ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ဖလား ကိုင်မြှောက်နိုင်ပြီးသွားရင် မန်စီးတီးကနေ ထွက်ခွာလိမ့်မယ်ဆိုတဲ့ ထင်ကြေးတွေ ရထားတာပါ။ ဒါပေမယ့် ကတ်တလန်သားက သူတည်ဆောက်ခဲ့တဲ့ အသင်းဟာ အကောင်းဆုံးအဆင့်ကို မရောက်သေးဘူးလို့ ထင်မြင်နေတာ ဖြစ်ပါတယ်။
စီးတီးဟာ ဒေါ့မွန်တိုက်စစ်မှူး ဟာလန်းကို ရရှိဖို့ နီးစပ်နေပြီး နော်ဝေသားရဲ့ ဖခင်ဖြစ်သူနဲ့ စာချုပ်ကိစ္စ ဆွေးနွေးမှုတွေမှာ ဂွာဒီယိုလာရဲ့ အနာဂတ်က အရေးပါနေတာ ဖြစ်ပါတယ်။
စီးတီးဟာ ဟာလန်းရဲ့ စာချုပ်ဖျက်သိမ်းကြေး ပေါင် ၆၃ သန်းကို ပေးချင်ကြောင်း ဒေါ့မွန်ထံ အသိပေးခဲ့ပြီး ကစားသမားအတွက်လဲ ပက်ဂွာဒီယိုလာ လက်အောက်မှာ အလုပ်လုပ်ရမယ့် အခွင့်အရေးက မငြင်းသာအောင် ကောင်းလွန်းနေတာ ဖြစ်ပါတယ်။
အသက် ၅၁ နှစ်အရွယ် နည်းပြဟာ စီးတီးမှာ ၆ နှစ်အတွင်း ကလပ်ကို မကြုံစဖူး အင်အားကြီးအသင်းဖြစ်လာအောင် ဦးဆောင်ခဲ့တာပါ။ စီးတီး အသင်းပိုင်ရှင်တွေဟာ သူ့ကို ၂၀၂၃ နောက်ပိုင်းမှာ ကလပ်နဲ့အတူ ဆက်ရှိနေစေဖို့ ယုံကြည်မှု ရှိနေပြီး သူ့နေရာကို ဆက်ခံမယ့်သူ ရှာဖွေဖို့က နောက်မှစဉ်းစားမယ့် အလုပ်တစ်ခု ဖြစ်ပါတယ်။
ဟာလန်းဟာ အီသီဟဒ်ကို ပြောင်းရင် ရီးရဲလ်ထက် ပိုပြီး တိုးတက်လာနိုင်လိမ့်မယ်ဆိုတာ နားလည်ထားပြီးနောက် မူအရ စာချုပ်သဘောတူညီမှု ရခဲ့တာပါ။ ဟာလန်းဟာ ထိပ်တန်းဆုဖလားတွေနဲ့အတူ ဘလွန်းဒီအောဆု အောင်မြင်ဖို့ ရည်မှန်းချက်တွေ ရှိနေတာ ဖြစ်ပါတယ်။
စီးတီးဟာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့မှာ ရီးရဲလ်မက်ဒရစ်ကို ၄-၃ နဲ့ အနိုင်ရခဲ့တဲ့နောက် ဖိုင်နယ်တက်ဖို့ အခွင့်အရေးက မတိမ်းမယိမ်း ဖြစ်နေပေမယ့် စပိန်ကလပ်အနေနဲ့ သူတို့ အသင်းကို ပြန်လည်တည်ဆောက်ဖို့ လိုအပ်နေပါတယ်။ ရော်နယ်ဒိုနဲ့ မက်ဆီတို့ ထွက်ခွာသွားတဲ့နောက် လာလီဂါဟာ သူတို့ရဲ့ ဂုဏ်ရောင်ထွန်းပြောင်မှုကိုဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။
စီးတီးဟာ အဂွဲရိုးကို ဆုံးရှုံးရမှာ သိရပြီးကတည်းက နောက်ဆုံး၃နှစ်အတွင်း ထိပ်တန်းတိုက်စစ်မှူးတစ်ယောက် ရှာဖွေနေခဲ့တာဖြစ်ပြီး ဒဏ်ရာပြဿနာကြောင့် အဂွဲရိုး ရုန်းကန်နေရတာတောင် မနှစ်က ရာသီမှာ လေးနှစ်အတွင်း သုံးကြိမ်မြောက် ဆုဖလားကို အောင်မြင်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နွေရာသီမှာ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းကို မခေါ်ယူနိုင်ခဲ့တဲ့အပေါ် ဂွာဒီယိုလာအနေနဲ့ အတော်လေး စိတ်ပျက်ခဲ့ရတာပါ။ စီးတီးဟာ ရာသီကုန်မှာ သူလိုအပ်တဲ့ အဆုံးသတ် ဂိုးသွင်းရှင်တစ်ယောက် ခေါ်ယူပေးမယ်လို့ ကတိပေးထားပြီး ဟာလန်းကို များပြားတဲ့ လက်မှတ်ထိုးကြေး၊ တစ်ပတ်လုပ်ခ ပေါင် ၄ သိန်းဝန်းကျင် လစာပမာဏနဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်ထားတာ ဖြစ်ပါတယ်။

စီတီးဟာ ဂေဘရီရယ် ဂျေးဆုနဲ့ စတာလင်တို့ကို ရောင်းချပြီး နွေရာသီအသုံးစရိတ်ကို ပေါင်သန်း ၁၀၀ ကျော် မြှင့်တင်နိုင်ပါတယ်။ ဂျေးဆုကို အာဆင်နယ်ကအလိုရှိခဲ့ပေမယ့် စီးတီးဟာ သူ့အတွက် ပေါင်သန်း ၄၀ ဝန်းကျင် သတ်မှတ်ထားတာပါ။
စတာလင်ကလဲ စာချုပ်နောက်ဆုံးနှစ်ကို ရောက်လာနေသလို သူ့အနာဂတ်ကို ရာသီကုန်မှာ ဆုံးဖြတ်သွားမှာပါ။ ဂွာဒီယိုလာဟာ ဘယ်နောက်ခံလူတစ်ယောက်နဲ့အတူ ဖာနန်ဒင်ညိုနေရာကို အစားထိုးဖို့ ဗဟိုကွင်းလယ်လူတစ်ယောက်လဲ လိုချင်နေတာပါ။
စီးတီးနည်းပြဟာ ဆောက်သမ်တန် ကပ္ပတိန် ဂျိမ်းစ်ဝပ်ပရောက်စ်ကို သဘောကျနေပြီး ဒီရာသီမှာ ထူးထူးချွန်ချွန် စွမ်းဆောင်ခဲ့တဲ့ အသက် ၂၇ နှစ်အရွယ် ကစားသမားကို ယူနိုက်တက်၊ စပါးနဲ့ အာဆင်နယ်တို့ကလဲ စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။
