Player Scout | ဥရောပအသင်းကြီးတွေ စိတ်ဝင်စားနေတဲ့ ပီယာတက်ခ်က ဘယ်လိုကစားသမားလဲ

ဇန်နဝါရီ အပြောင်းအရွှေ့ ကာလအလယ်မှာ ဂျီနိုအာ တိုက်စစ်ကစားသမား ပီယာတက်ခ်ကို ဥရောပကလပ်တွေ အများအပြားက စိတ်ဝင်စားနေတာပါ။ ချယ်ဆီးအပြင် ရီးရဲလ်နဲ့လည်း သတင်းထွက်ထားတဲ့ ပိုလန်လက်ရွေးစင်ကို နောက်ဆုံး စိတ်ဝင်စားလာတာက လန်ဒန်ကလပ် ဝက်ဟမ်းဖြစ်ပါတယ်။

ဥရောပ ဘောလုံးဇာတ်ခုံမှာ စတင်ထွန်းတောက်လာတဲ့ ပီယာတက်ခ်ကို ဥရောပ ဘောလုံးပရိတ်တွေ သိကြပေမယ့် ပရီးမီးယားလိဂ် ပရိသတ်တွေနဲ့ သိပ်မရင်းနှီးပါဘူး။ ဒါကြောင့် သူနဲ့ပတ်သက်ပြီး သိဖို့လိုတဲ့အချက်တွေကို ဖော်ပြမှာဖြစ်ပါတယ်။

သူက ဘယ်သူလဲ?

သူဟာ လက်ရှိ ဂျီနိုအာအသင်းမှာ ရှိနေပြီး ဥရောပထိပ်သီးလိဂ်ကို ပထမဆုံးအကြိမ် ပြောင်းရွှေ့လာပြီးနောက်ပိုင်း ကောင်းမွန်တဲ့ ရာသီတစ်ခုကို ရရှိနေပါတယ်။ အသက် 23 ပဲ ရှိသေးတာကြောင့် အချိန်အများကြီး ရှိပါသေးတယ်။

ပိုလန်ကလပ် Cracovia ကနေ ဂျီနိုအာထံ ပြောင်းရွှေ့လာခဲ့သလို လွန်ခဲ့တဲ့ 7 လလောက်ကမှ အသင်းနဲ့ လေးနှစ်စာချုပ် ချုပ်ဆိုခဲ့တာပါ။ ယူရို 4 သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ အီတလီအသင်းအတွက် မနှစ်က သူဟာ 21 ဂိုး သွင်းယူပေးခဲ့ပါတယ်။ အောက်တိုဘာလက ပါးမားအသင်းကို 3-1 နဲ့ ရှုံးခဲ့တဲ့ ပွဲမှာ ဂိုးသွင်းယူခဲ့ပြီး သူဟာ Gabriel Batistuta နောက်ပိုင်း ပထမဆုံး 7 ပွဲလုံး ဂိုးသွင်းနိုင်ခဲ့တဲ့ ကစားသမားဖြစ်လာခဲ့ပါတယ်။

အသက် 23 နှစ်အရွယ် တိုက်စစ်သမားဟာ ဒီရာသီ စီးရီးအေမှာ သွင်းဂိုး 13 ဂိုး သွင်းယူထားပြီး ဂျူဗင်တပ်တိုက်စစ်သမား ရော်နယ်ဒိုရဲ့ 14 ဂိုးနောက် အမြင့်ဆုံးလည်းဖြစ်ကာ စီးရီးအေ ဂိုးသွင်းဘုရင်ဆုကို စိန်ခေါ်နိုင်မယ့်သူလို့ မှတ်ချက်ပေးခံနေရတာပါ။ ရီးရဲလ်က နံပါတ် 9 တိုက်စစ်သမားနေရာအတွက် အဆိုပါ ပိုလန်လက်ရွေးစင်ကို ခေါ်ယူဖို့ ဦးစားပေးအဖြစ် ရည်ရွယ်လာခဲ့ပါတယ်။

ဒီရာသီမှာ ဘယ်လိုတွေလုပ်ခဲ့လဲ?

ဘဲကို ရေထဲ ဆွဲခေါ်သလို ပီယာတက်ခ်ကို စီးရီးအေထံ ခေါ်ယူခဲ့တာက မှန်ကန်တဲ့ ကိစ္စပါ။ အသက် 23 နှစ်အရွယ် ကစားသမားဟာ ဒီရာသီ 23 ပွဲမှာ ဂိုး 20 သွင်းယူခဲ့ပြီး တပွဲ တစ်ဂိုး နီးပါးပါပဲ။ 13 ဂိုးက စီးရီးအေမှာ သွင်းယူခဲ့တာဖြစ်ပြီး သြဂုတ်လက Lecce ကို လေးဂိုးပြတ်နိုင်ခဲ့တဲ့ပွဲစဉ်မှာ လေးဂိုးလုံး သွင်းယူခဲ့တာ အပါအဝင် ကိုပါအီတလီရာ နှစ်ပွဲထဲနဲ့ ခြောက်ဂိုးထိ သွင်းယူခဲ့တာပါ။ Lecce နဲ့ပွဲက လေးဂိုးဟာ ပထမပိုင်း 36 မိနစ်မှာထဲက ရရှိခဲ့တာဖြစ်ပါတယ်။ နောက် ကျန်တဲ့တဂိုးကတော့ ပေါ်တူဂီကို ရှုံးနိမ့်ခဲ့တဲ့ ယူအီးအက်ဖ်အေ နိုင်ငံများလိဂ်ပွဲစဉ်မှာ ပိုလန်အသင်းအတွက် သွင်းယူပေးခဲ့တာပါ။

သူ့နောက်ကို ဘယ်သူတွေ လိုက်နေကြသလဲ?

အီတလီမှာ အကောင်းဆုံး စတင်နိုင်ခဲ့ပြီးနောက် သူ့ကို ရီးရဲလ်က စိတ်ဝင်စားမှုတွေ ပြလာပြီး အေစီမီလန် ကလဲ ဂွန်ဇာလို ဟီဂွာအင် ထွက်သွားရင် သူ့ကို ပစ်မှတ်ထားနေတာဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ကလပ်တွေဟာ သူ့ကို ခေါ်ယူချင်ရင် အနည်းဆုံး ယူရို သန်း 40 နဲ့ ကမ်းလှမ်းရမှာ ဖြစ်ပြီး အပိုဆုကြေးနဲ့ အေးဂျင့်ကြေးတွေလဲ ထပ်ပေးရဖို့ ရှိပါတယ်။ အီတလီမှာ ပီယာတက်ခ်ဟာ တနှစ်ကို ယူရို 5 သိန်းသာ ရရှိနေတယ်လို့ သိရပါတယ်။ ဒါကြောင့် ပရီးမီးယားလိဂ် ပုံမှန် စံ လစာနဲ့ ကမ်းလှမ်းမယ်ဆိုရင် သူ့စိတ်ကို အင်္ဂလန်ထံ ပြောင်းရွှေ့လို့ရနိုင်ပါတယ်။

ရီးရဲလ်ဘက်က ကမ်းလှမ်းမှု လုပ်မယ်ဆိုရင် ဈေးကွက်အတွင်း ဈေးနှုန် ယူရို 15 သန်းရဲ့ 4 ဆဖြစ်တဲ့ ယူရို သန်း 60 အထိကို စီးရီးအေကလပ်ကို ပေးရဖို့ ရှိပါတယ်။ ဒါဟာ မာရီယာနို၊ ဂါရတ်ဘေလ်းတို့ ဒဏ်ရာရသွားတာကြောင့် တိုက်စစ်သမား လိုအပ်နေတဲ့ ရီးရဲလ်အပြင် ပရီးမီးယားလိဂ်ကလပ်တွေအတွက်လည်း ဂျီနိုအာဘက်က သက်မှတ်တဲ့ ဈေးနှုန်းဖြစ်တယ်။

ကစားသမားဘက်က ဘာတွေပြောထားလဲ?

အသက် 23 နှစ်အရွယ် တိုက်စစ်သမားက ဇန်နဝါရီမှာပဲ အသင်းပြောင်းဖို့ထက် လာမယ့် နွေမှ ဥရောပအသင်းကောင်းတွေထံ ပြောင်းဖို့ကို ပိုအားသန်နေပါတယ်။ ပီယာတက်ခ်ရဲ့ အေးဂျင့်ကတော့ “ များစွာသော ကလပ်အသင်းကြီးတွေက သူ့ကိုခေါ်ယူဖို့ တံခါးခေါက်လာကြပါတယ်။ ဒါပေမယ့်လို့ လက်ဆုပ်လက်ကိုင်ပြစရာ ကမ်းလှမ်းမှုတွေတော့ မရှိသေးပါဘူး ” လို့ အဖြေပေးထားပါတယ်။

Sports Home Time