ချန်ပီယံလိဂ်က ထွက်ခွာခဲ့ရတာကို ချယ်ဆီးတို့ ဘယ်လောက် ခံစားနေရမလဲ ပြောပြခဲ့တဲ့ ဖာဒီနန်နဲ့ အပေါင်းအပါများ

ချယ်ဆီးဟာ မနက်က ရီးရဲလ်မက်ဒရစ်ကြောင့် ချန်ပီယံလိဂ်ကနေ ထွက်ခွာခဲ့ရတာအတွက် အရမ်းကို စိတ်ပျက်နေကြလိမ့်မယ်လို့ ရီယိုဖာဒီနန်နဲ့အတူ ဆွေနွေးစကားဝိုင်းမှာ ရှိနေကြတဲ့ ဘောလုံးသုံးသပ်သူတွေက မီးမောင်းထိုးပြခဲ့ပါတယ်။

စတန်းဖို့ဒ်ဘရစ်ချ်မှာ ၃-၁ နဲ့ ရှုံးခဲ့တဲ့နောက် ချယ်ဆီးဟာ ဘာနေဗျူးမှာ ၃-၀ နဲ့ ဦးဆောင်ခဲ့ပြီး နှစ်ကျော့ပေါင်း ၄-၃ နဲ့ နောက်တဆင့်တက်ဖို့ အလားအလာ အကောင်းဆုံး ဖြစ်နေခဲ့တာပါ။ ဒါပေမယ့် တစ်ဦးချင်း အမှားတွေက ရီးရဲလ်မက်ဒရစ်ကို ဂိုးပြန်ပေးခဲ့ရပြီး အချိန်ပိုအပြီး နှစ်ကျော့ပေါင်း ၅-၄ နဲ့ အရေးနိမ့်ခဲ့တာဖြစ်တယ်။

ဆီမီးဖိုင်နယ် ရောက်ဖို့ လက်တကမ်းအလိုကနေ အခုလို ထွက်ခွာလာခဲ့ရတာအတွက် ချယ်ဆီးကစားသမားတွေ ဘယ်လောက်တောင် စိတ်ပျက်နေမလဲဆိုတာကို ဖာဒီနန်က အသားပေး ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ “ ချယ်ဆီးအသင်းက ဒီရလဒ်အတွက် လုံးဝ စိတ်ဆင်းရဲပြီး ယူကျုံးမရ ဖြစ်နေလိမ့်မယ် ” လို့ ဖာဒီနန်က ပြောဆိုပါတယ်။

ချယ်ဆီးကွင်းလယ်တိုက်စစ်ကစားသမားဟောင်း ဂျိုးကိုးလ်ကလည်း “ ချယ်ဆီးက သူတို့ကိုယ်သူတို့ အားမလိုအားမရနဲ့ စိတ်ပျက်လက်ပျက် ဖြစ်နေလိမ့်မယ်။ ချယ်ဆီးက အနိုင်ရခဲ့သင့်တာပါ။ ဒီခံစားချက်ကို ကျွန်တော်လည်း ကောင်းကောင်းသိပါတယ်။

မင်းက ပိုကောင်းတဲ့အသင်းဖြစ်ပြီး ပြိုင်ပွဲကနေ ထွက်သွားရတယ်ဆိုတာက တော်တော်ဆိုးတယ်။ တနင်္ဂနွေနေ့ ခရစ္စတယ်ပဲလေ့စ်နဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်က ပိုပြီးတော့တောင် အရေးကြီးသွားပြီ။ ချယ်ဆီးက မက်ဒရစ်ထက် ပိုကောင်းခဲ့ပြီး သူတို့ကို ကောင်းကောင်းဖိအားပေးခဲ့တာပါ။

ဒါပေမယ့် ရီယို ပြောတာမှန်တယ်။ အသေးစိတ် အရာလေးတွေက အဆုံးအဖြတ်ဖြစ်သွားတာပဲ။ ချယ်ဆီးက နည်းဗျူဟာပိုင်း မှားယွင်းခဲ့ပြီး ဗင်နေးစီးယပ်က အနိုင်ဂိုးအတွက် ဖန်တီးမှု လုပ်ပေးသွားခဲ့တယ်။ ရူးလောက်စရာပဲ ” လို့ ပြောဆိုခဲ့ပါတယ်။

ဒါပေမယ့် ရီးရဲလ်မက်ဒရစ်ကြယ်ပွင့်ဟောင်း စတိဗ်မက်မန်နာမန်းကတော့ စတန်းဖို့ဒ်ဘရစ်ချ်က ပထမပိုင်းမှာ ၂-၀ နဲ့ ရှုံးနိမ့်နေခဲ့တဲ့ ချယ်ဆီးရဲ့ ညံ့ဖျင်းတဲ့ ကစားပုံကို ထောက်ပြခဲ့ပြီး ပထမအကျော့ရလဒ်က ချယ်ဆီးတို့ ထွက်ခွာခဲ့ရတဲ့ အကြောင်းရင်းပဲလို့ ဆိုပါတယ်။

ချန်ပီယံလိဂ်ကနေ ချယ်ဆီး ထွက်ခွာရခြင်း အကြောင်းရင်းအတွက် “ သူတို့က ပထမအကျော့ ပထမပိုင်းမှာ တူချယ်လက်အောက် အဆိုးရွားဆုံး ၄၅ မိနစ်ကို ကစားခဲ့တာပါ ” လို့ မက်မန်နာမန်းက ပြောကြားခဲ့တာ ဖြစ်ပါတယ်။