ဘိုင်ယန်မြူးနစ်ရဲ့ လေးစားမှု မရှိတဲ့ စကားတခွန်းက ဗီလာရီးရဲလ်ကို တွန်အားပေးခဲ့ခြင်း ဖြစ်တယ်

ဘိုင်ယန်မြူးနစ်နည်းပြ နာဂျယ်မန်းရဲ့ လေးစားမှု မရှိတဲ့ မှတ်ချက်စကားတွေဟာ သူတို့ကို ချန်ပီယံလိဂ်မှာ ကြီးမားတဲ့ စိတ်ပျက်စရာတစ်ခုပေးဖို့ ဗီလာရီးရဲလ်အသင်းကို တွန်းအားတွေ ပေးခဲ့တယ်လို့ ဒါနီ ပါရီဟိုက ဆိုပါတယ်။

ပထမအကျော့ မတိုင်ခင် ဘိုင်ယန်နည်းပြ နာဂျယ်မန်းရဲ့ မှတ်ချက်စကားတွေက ဗီလာရီးရဲလ် အသင်းသားတွေကို အသဲနာစေခဲ့တာဖြစ်တယ်။ အောက်အသင်းဖြစ်တဲ့ ဗီလာရီးရဲလ်ဟာ ဆီမီးဖိုင်နယ် တက်ရောက်ဖို့ ကြိုးစားရာမှာ အဲ့ဒီ့စကားတွေကို တွန်းအားအဖြစ် အသုံးချခဲ့တာဖြစ်တယ်လို့ ခံစစ်မှူး ပါရီဟိုက ဆိုပါတယ်။

ဘွန်ဒက်စ်လီဂါ ချန်ပီယံတွေကို နှစ်ကျော့ပေါင်း ၂-၁ နဲ့ အနိုင်ရပြီး ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် တက်ရောက်ခဲ့ရာမှာ ပါရီဟိုက သူတို့ရဲ့ နာကျည်းမှုတွေကို ဖွင့်ဟခဲ့ပါတယ်။

“ မဲခွဲပွဲရလဒ် ထွက်ပေါ်ချိန်မှာ ဗီလာရီးရဲလ်နဲ့ အတွဲကျပြီးလို့ သိရချိန် သူတို့ရဲ့ နည်းပြလေ.. ကျနော်တော့ နာမည် မသိပါဘူး။ ဗီလာရီးရဲလ်အသင်းကိုတင် မကဘဲ ကျနော်တို့ရဲ့ ဘောလုံးကိလည်း အထင်သေးပြီး မလေးမစား ပြောခဲ့တာပါ။

သူက ပထမအကျော့မှာပဲ ပွဲကို အပြတ်ဖြတ်ချင်တယ်လို့ ပြောခဲ့တာပါ။ သူက ဗီလာရီးရဲလ် အပေါ် လေးစားမှုကင်းမဲ့ခဲ့တာပါပဲ။ တခါတလေ မင်း တံတွေးထွေးလိုက်တာက မင်းမျက်နှာပေါ်ပဲ ပြန်စင်တတ်တာကို သတိပြုမိဖို့ လိုပါတယ် ” လို့ ဆီမီးဖိုင်နယ်ကို တက်ရာက်အပြီးမှာ ပါရီဟိုက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ပထမအကျော့ အိမ်ကွင်းမှာ ဘိုင်ယန်ကို ၁-၀ နဲ့ အနိုင်ရခဲ့ပေမယ့် ပိုပြီး စိတ်အေးရအောင် ဂိုးတွေထပ်သွင်းဖို့ အခွင့်အရေးများစွာ ဖြုန်းတီးခဲ့တဲ့ ဗီလာရီးရဲလ်ဟာ မနေ့ညက မြူးနစ်မှာ ခိုင်ခိုင်မာမာ ခံစစ်ကစားခဲ့ရပါတယ်။

ဘိုင်ယန်ဟာ ဒုတိယပိုင်းမှာ လီဝန်ဒေါစကီးရဲ့ သွင်းဂိုးနဲ့ ချေပနိုင်ခဲ့ပေမယ့် အနိုင်ဂိုးကို ရှာတွေ့ဖို့ ကြိုးစားနေစဉ် ပွဲချိန် ၈၈ မိနစ်မှာ ဗီလာရီးရဲလ် ကစားသမား ဆမ်မြူရယ် ချူကွယ်ဇီရဲ့ အဆုံးအဖြတ် သွင်းဂိုးကြောင့် ဂျာမန်ဘီလူးတွေ မှင်သက်သွားခဲ့ရတာပါ။ ပွဲအပြီးမှာ ဘိုင်ယန်နဲ့ နာဂျယ်မန်းကို ဝေဖန်ခဲ့တဲ့ ဗီလာရီးရဲလ် ကစားသမားက ပါရီဟို တစ်ယောက်ထဲ မဟုတ်ပါဘူး။

တိုက်စစ်မှူး ဂျီရတ် မိုရီနိုကလည်း “ပထမအကျော့မှာ ကျွန်တော်တို့ ပွဲကို မဖြတ်ထားလိုက်တဲ့ အမှားတစ်ခု လုပ်ခဲ့တယ်။ သူတို့နည်းပြရဲ့ မှတ်ချက်စကားတွေ အားလုံးက ကျွန်တော်တို့အတွက် စိတ်ဓာတ်လှုံ့ဆော်မှုတစ်ခု ဖြစ်ခဲ့တာပါ။

သူတို့က ကျွန်တော်တို့ကို အသေမသတ်နိုင်ခဲ့တဲ့ အမှားတစ်ခုကို ဒီနေ့မှာလုပ်ခဲ့ပြီး ကျွန်တော်တို့က အဲ့ဒါကို အခွင့်ကောင်းယူခဲ့ပါတယ်။ ဒီအသင်း လုပ်ခဲ့တဲ့အရာက သိပ်ကို ကြီးမားပါတယ် ” လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်ကတော့ ပြိုင်ဘက်ကို မလေးမစား လုပ်ခဲ့ခြင်းရဲ့ ဆိုးကျိုးကို ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး ချန်ပီယံလိဂ်ရဲ့ ရှုံးထွက်အဆင့်တွေမှာ အသင်းတိုင်းက အဆိပ်ပြင်းကြတာချည်းပဲ ဖြစ်ပါတယ်။