ဘိုင်ယန်မြူးနစ်နည်းပြ နေဂဲလ်စမန်းက ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထွက်ခွာရအပြီးမှာ ကလပ် တိုက်စစ်သမား သောမက်စ် မူလာရဲ့ အဆုံးသတ်ပိုင်း အားထုတ်မှုတွေကို ဝေဖန် ပြစ်တင်ခဲ့ပါတယ်။
နှစ်ကျော့ပေါင်း ၂-၁ နဲ့ အရေးနိမ့်မှုမှာ သောမက်စ် မူလာရဲ့ အခွင့်အရေး လွဲချော်မှုဟာ ဘိုင်ယန်ကို ပေးဆပ်မှု ကြီးမားစေခဲ့တယ်လို့ ၎င်းက မြင်ပါတယ်။ ဘိုင်ယန်ဟာ ဂိုးကန်သွင်းချက် ၂၃ ကြိမ်လောက် လုပ်နိုင်ခဲ့ပေမယ့်လည်း သရေရလဒ်ပဲ ရယူနိုင်ခဲ့ကာ ပထမအကျော့မှာ ၁-၀ နဲ့ အရေးနိမ့်ထားမှုကို ပြန်မချေနိုင်ခဲ့တာကြောင့် ကွာတားအဆင့်ကနေ လက်ပြခဲ့ရပြီဖြစ်ပါတယ်။
နေဂဲလ်စမန်းက ” သောမက်စ်က ဂိုးသွင်းနိုင်ခဲ့သင့်တယ်။ ဒီလို အခွင့်အရေးဆိုတာ အများကြီး ရမှာ မဟုတ်ဘူး ” ဆိုပြီး အခွင့်အရေးကောင်းကို ဖြုန်းတီးခဲ့တဲ့ တိုက်စစ်မှူး မူလာကို ဝေဖန်သွားခဲ့တာဖြစ်တယ်။

နှစ်ကျော့ပေါင်း ရလဒ်နဲ့အတူ ကွာတားအဆင့်မှာတင် လက်ပြခဲ့ရတာဖြစ်ပေမယ့်လည်း ဘိုင်ယန်မြူးနစ်က အနိုင်ရဖို့ ထိုက်တန်တဲ့ စွမ်းဆောင်ရည် ပြသခဲ့တယ်လို့ နေဂဲလ်စမန်းက မြင်ပါတယ်။ ပထမအကျော့တုန်းက အရေးနိမ့်ထားမှုကပဲ ဆီမီးအဆင့်အတွက် အဖြေဖြစ်စေခဲ့တာလို့ သူက ပြောပါတယ်။
” ပထမအကျော့က အဓိကပါပဲ။ အဲ့မှာတုန်းက စီးချင်းထိုးမှုတွေမှာ ကျနော်တို့ ကျရှုံးခဲ့တယ်၊ ကောင်းကောင်း မကစားနိုင်ခဲ့ပါဘူး။ ဒီနေ့မှာ ကျနော်တို့ အကောင်းဆုံး ကစားနိုင်ခဲ့သလို၊ နည်းစနစ်ပိုင်းလည်း ကောင်းမွန်ခဲ့ပါတယ်။
ပွဲရဲ့ အရှိန်ပြင်းထန်မှုအရ ဒီလတွေထဲမှာ ဒီပွဲက အကောင်းဆုံးပွဲ ဖြစ်ခဲ့ပါတယ်။ သွင်းဂိုးတွေ ပိုသွင်းဖို့ လိုအပ်ပေမယ့် တစ်ပွဲလုံး ခြုံကြည့်မယ်ဆိုရင် ကောင်းခဲ့ပါတယ်။ ကောင်တာ-ဖိအားပေးတွေမှာ ကောင်းမွန်ခဲ့တယ်။ ပြေးလွှားမှုတွေမှာလည်း ပြင်းပြင်းထန်ထန် လုပ်နိုင်ခဲ့ပါတယ် ” လို့ ဘိုင်ယန်နည်းပြက ဆိုသွားတာဖြစ်ပါတယ်။
ဗီလာရီးရဲလ်အသင်းဟာ ဆီမီးအဆင့်မှာတော့ လီဗာပူးနဲ့ ဘင်ဖီကာအတွဲကနေ တက်လာတဲ့ အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။ ပထမအကျော့မှာတုန်းက လီဗာပူးအသင်းဟာ ၃-၁ ဖြင့် အနိုင်ရထားပြီး ဒီညမှာ ဒုတိယအကျော့ပွဲ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
