ပြင်သစ် သတင်းစာက ထုတ်ပြန်တဲ့ 2022 Ballon d’Or ဆုအတွက် ရေပန်းစားသူ (၅) ဦး

ပြင်သစ် သတင်းစာ L’Equipe က 2022 Ballon d’Or ဆုအတွက် ရေပန်းစားနိုင်တဲ့ ဆန်ကာတင် ၅ ဦးစာရင်းကို ခန့်မှန်း ထုတ်ပြန်မှုတစ်ခု ပြုလုပ်သွားခဲ့ပါတယ်။

ဒီနှစ်မှာ ပေးအပ်မယ့် ဘလွန်းဒီအော့ဆုဟာ ဆုပေးပွဲတစ်လျှောက် ပထမဆုံးအဖြစ် ဘောလုံးရာသီ တစ်ခုလုံးကို ကြည့်ရှု အကဲဖြတ်မှာဖြစ်တယ်။ ယခင်နှစ်တွေတုန်းကတော့ ဘောလုံးရာသီ တစ်ခုကို ကြည့်ရှုခြင်း မဟုတ်ဘဲ နှစ်တစ်နှစ်ရဲ့ အစကနေ အဆုံးကိုပဲ ကြည့်ရှုတာဖြစ်လို့ မတူညီတဲ့ ဘောလုံးရာသီနှစ်ခုရဲ့ တစ်ပိုင်းခြင်းကို အကဲဖြတ်မှု ဖြစ်နေခဲ့ပါတယ်။

စနစ်သစ်အရ ပိုမို လွယ်ကူတဲ့ ကာလပိုင်းခြားကို မြင်ရဖို့ ရှိနေပြီး ရာသီစကနေ ရာသီကုန်ထိ စွမ်းဆောင်ရည်တွေကို အကဲဖြတ်ကာ အောက်တိုဘာလမှာ ဆုပေးမယ့် ပုံစံဖြစ်ပါတယ်။ ဆုရွေးချယ်တဲ့ ပုံစံ၊ မဲပေးပုံနဲ့ စည်းမျဉ်းစည်းကမ်းပိုင်း ပြောင်းလဲမှုတွေလည်း ရှိလာပါမယ်။

L’Equipe ကတော့ ၎င်းတို့ ခန့်မှန်းထားတဲ့ ဒီဆုအတွက် ရေပန်းစား ကစားသမား ၅ ဦးကို ထုတ်ပြန်ရာမှာ ပြင်သစ်လိဂ်မှ တစ်ဦး၊ လာလီဂါမှ တစ်ဦး၊ ဘွန်ဒက်လီဂါ တစ်ဦးနဲ့ ပရီးမီးယားလိဂ်မှ နှစ်ဦးတို့ ပါဝင်လာခဲ့ပါတယ်။

ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲတွေအဖြစ် ၁၆ သင်းအဆင့်နဲ့ ကွာတားဖိုင်နယ် အဆင့်တွေမှာ ပီအက်စ်ဂျီနဲ့ ချယ်ဆီးအသင်းတွေကို hat-tricks သွင်းယူထားတဲ့ ဘန်ဇီမာက ရေပန်းအစားဆုံး ကစားသမားအဖြစ် ဖော်ပြခံရတယ်။ သူဟာ ဒီရာသီ ပြိုင်ပွဲစုံ ၃၇ ပွဲမှာ ကိုယ်တိုင် ၃၇ ဂိုး သွင်းယူပြီး ဂိုးထောက်ပံ့မှု ၁၃ ကြိမ် လုပ်ထားနိုင်ပါတယ်။

နောက်ပြီး ပီအက်စ်ဂျီမှ အမ်ဘာပေး၊ ဘိုင်ယန်မြူးနစ်မှ လီဝန်ဒေါစကီး၊ လီဗာပူးမှ မာနေးနဲ့ မန်စီးတီးမှ ဒီဘရိုင်းတို့ ပါဝင်လာပါတယ်။ အမ်ဘာပေးက ဒီရာသီမှာ ကိုယ်တိုင် ၃၁ ဂိုး သွင်းယူပြီး ဂိုးထောက်ပံ့မှု ၂၂ ကြိမ် လုပ်ထားနိုင်ပါတယ်။ လီဝန်ဒေါစကီးကလည်း ပြိုင်ပွဲစုံမှာ သွင်းဂိုး ၄၆ ဂိုးထိ သွင်းယူထားပြီး ဥရောပ သွင်းဂိုး အများဆုံး တိုက်စစ်သမား ဖြစ်နေခဲ့တာပါ။

၎င်းတို့ဟာ ဒီရာသီ တစ်ဦးချင်း စွမ်းဆောင်ရည်အရ ပြင်သစ်သတင်းဌာနရဲ့ ဖော်ပြချက်မှာ ပါဝင်လာခြင်းဖြစ်ကာ ရာသီကုန် ဆုဖလား အောင်မြင်မှုအလိုက် အပြောင်းအလဲတွေ ထပ်ဖြစ်လာနိုင်ပါတယ်။

လီဗာပူးအသင်းမှ ဆာလာထက် မာနေးကို ရွေးချယ်ထားရခြင်းက အာဖရိကဖလား အနိုင်ရမှု၊ ကမ္ဘာဖလား အောင်မြင်မှုတွေကြောင့် ဖြစ်နိုင်ပြီး ကလပ်အဆင့်မှာ အခြားသော အောင်မြင်မှုတွေ ရမယ်ဆိုရင် ဆာလာကလည်း ဘလွန်းဒီအော ရေပန်းစားမှုမှာ ပါဝင်လာနိုင်ပါတယ်။

ဘလွန်းဒီအော့ဆုကို ရွေးချယ်ရာမှာ တစ်ဦးချင်း အောင်မြင်မှုအပြင် အသင်းလိုက် ဆုဖလား အနိုင်ရမှုတွေလည်း ပါဝင်မှာဖြစ်ကာ ချန်ပီယံလိဂ်ဖလား အောင်မြင်တဲ့ အသင်းမှ အသင်းသားကတော့ ပိုမို ရေပန်းစားလေ့ရှိတာ ဖြစ်ပါတယ်။