ဂိုးပေါက်ကန်သွင်းမှု တစ်ကြိမ်မှ မရှိခဲ့တဲ့ အက်သလက်တီကိုရဲ့ နည်းစနစ်နဲ့ ပတ်သက်လို့ မန်ချက်စတာကလပ် အသင်းသားတွေနဲ့ ဂွာဒီယိုလာက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြပေမယ့် ဆီမြွန်နီကတော့ အခွင့်ကောင်းစောင့်ရင်း ခံစစ်ကစားတဲ့ပုံကြောင့် ရှက်စရာ မရှိဘူးလို့ ပြောဆိုသွားခဲ့ပါတယ်။
အိမ်ကွင်းမှာ ၁-၀ နဲ့ အနိုင်ရတဲ့ပွဲအပြီး ဂွာဒီယိုလာက နှစ်ပေါင်း သောင်းချီကြာတောင် ထပ်မပေါ်လာနိုင်တဲ့ နည်းစနစ်လို့ ချိုးနိမ်ခဲ့တယ်။ အနိုင်ဂိုးရှင် ဒီဘရိုင်းကလည်း စီးတီးကို ကလပ်တွေက ခံစစ်ကစားပေမယ့် ဆီမြွန်နီလို ၅-၅-၀ ကစားတဲ့ အသင်းမျိုးတော့ မမြင်ဖူးဘူးလို့ မှတ်ချက်ပေးခဲ့တာဖြစ်တယ်။
ဒါတွေနဲ့ ပတ်သက်လို့ ဆီမြွန်နီက “ကျွန်တော်တို့က သိပ်တော်တဲ့ ပြိုင်ဘက်နဲ့ ကစားခဲ့ရတာပါ။ အချက်အလက်တွေက သူတို့အတွက် သက်သေပဲ။ သူတို့က အရမ်းကို အင်အားကြီးမားတယ်။ ကျွန်တော်တို့မှာ ရှိတဲ့ လက်နက်တွေနဲ့ သူတို့ကို ဖြတ်ကျော်ချင်ပါတယ်။
ကျွန်တော်တို့တွေ သိပ်ကောင်းတဲ့ စည်းလုံးအားနဲ့ တကယ်ကို ကောင်းကောင်းခုခံခဲ့တယ်။ တန်ပြန်တိုက်စစ်မှာ နည်းနည်း ပိုကောင်းကောင်း လုပ်နိုင်စရာ ရှိခဲ့ပါတယ်။ ကျွန်တော်တို့ နည်းနည်းပိုပြီး ဘောလုံးရရင်၊ ပြိုင်ဘက်တွေအတွက် ပိုခက်ခဲတာတွေ ဖန်တီးနိုင်မလား ကြည့်ရတာပေါ့။
ဒါပေမယ့် အဓိကက တည်တည်ငြိမ်ငြိမ်နဲ့ စုစည်းတဲ့ ခံစစ်အားထုတ်မှု ရှိဖို့ပါ။ တတ်နိုင်တဲ့ နည်းလမ်းနဲ့ အဆုံးအထိ ဘယ်လို ယှဉ်ပြိုင်ရမလဲဆိုတာ ကျွန်တော် ပြသခဲ့တာပါ”လို့ ဆီမြွန်နီက ရှင်းပြခဲ့ပါတယ်။

အက်သလက်တီကိုဟာ ဒုတိယအကျော့ အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားစဉ် ပြိုင်ပွဲထဲ ဆက်ရှိနေဖို့အတွက် အဝေးကွင်းမှာ ခံစစ်ကို ပိတ်ကစားခဲ့တယ်။ ဒါပေမယ့်လို့ ဆီမီးအဆင့်ကို ရောက်လိုတယ်ဆိုရင် ဒုတိယအကျော့မှာတော့ တိုက်စစ်က အားထုတ်လာရဖို့ လိုအပ်ပါလိမ့်မယ်။
တစ်ပွဲလုံး မန်စီးတီးရဲ့ တိုက်စစ်ကို ခုခံရင်း အချိန်ကုန်ခဲ့တဲ့ အက်သလက်တီကို ဂိုးသမား ဂျန်အော့ဘလက်ကလည်း “ပွဲချိန်က အကြာကြီးမို့လို့ အသည်းအသန် ဖြစ်နေဖို့ မလိုပါဘူး။ အေးအေးဆေးဆေးနဲ့ ရလာမယ့် အခွင့်အရေးကို ယူဖို့ပဲ လိုပါတယ်။
ဒီနေ့ ဒီနေရာမှာ ကစားရတဲ့ ဘယ်အသင်းမဆို ကျွန်တော်တို့လိုပဲ ကစားရမှာပဲ။ သူတို့ကို နေရာလွတ် ပေးလိုက်တာနဲ့ ခင်ဗျားကို အပြစ်ပေးသွားနိုင်တယ်။ မက်ဒရစ်မှာတော့ ကျွန်တော်တို့က အခုထက်စာရင် တိုက်စစ်နည်းနည်း ပိုကစားသွားမှာပါ။ ဒါကပဲ ကျွန်တော်တို့ ကျော်ဖြတ်နိုင်မယ့် တစ်ခုတည်းသော နည်းလမ်းပါပဲ ” လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
