NEWS: ဘောလုံးပွဲကို ပွဲချိန် မိနစ် ထပ်တိုးပြီး မိနစ် ၁၀၀ ကစားခိုင်းဖို့ စီစဉ်လာတဲ့ ဖီဖာ

ဖီဖာဟာ ဘောလုံးအားကစားဆိုင်ရာ အပြောင်းအလဲကြီး တစ်ခုအဖြစ် ပွဲစဉ်တွေမှာ ပုံမှန် ကစားနေကျ မိနစ် ၉၀ ကို အချိန်ထပ်ဆွဲဆန့်ပြီး မိနစ် ၁၀၀ ကစားခိုင်းဖို့ စဉ်းစားလာနေပါတယ်။

ပုံမှန် ဘောလုံးကစားချိန်ကို ၁၀ မိနစ် ထပ်တိုးဖို့ ဖီဖာက စဉ်းစားနေခြင်းဖြစ်ကာ ကမ္ဘာဖလား ပြိုင်ပွဲ တစ်ခုမှာ အဆိုပါ စနစ်ကို လက်တွေ့ ကျင့်သုံးကြည့်ဖို့ စီစဉ်ထားတယ်လို့ သိရတယ်။ ဒါဟာ လူကျွံဘောတွေကို နည်းပညာ အကူအညီနဲ့ ဆုံးဖြတ်မယ့် ကိစ္စပြီးနောက် နောက်ထပ် စိတ်ဝင်စားစရာ အပြောင်းအလဲ တစ်ရပ်ဖြစ်ပါတယ်။

ပွဲချိန် မိနစ် ၁၀၀ ကစားစေခြင်း အပြောင်းအလဲဟာ နိုင်ငံတွေနဲ့ ဘောလုံးပရိသတ်တွေအတွက် စိန်ခေါ်မှုတစ်ရပ် ဖြစ်လာနိုင်ပေမယ့်လို့ ပွဲစဉ်တွေမှာ ပိုမို အရည်အချင်းသာတဲ့ အသင်းကို ထွက်ပေါ်စေဖို့ မှန်ကန်တဲ့ ကိစ္စတစ်ရပ် ဖြစ်လာနိုင်တယ်လို့ ကမ္ဘာဘောလုံးအဖွဲ့ချုပ်က တွက်ဆထားပါတယ်။

ဒီကိစ္စဟာ ဘောလုံးပွဲတွေမှာ တကယ်တမ်း ဘောလုံးကစားနေကြတာက မိနစ် ၉၀ အပြည့် မရှိဘူးဆိုတဲ့ စစ်တမ်းတွေနောက်ပိုင်း စဉ်းစားလာခဲ့ကြတာပါ။

CIES Football Observatory ရဲ့ စစ်တမ်းအရ မိနစ် ၉၀ ပွဲတစ်ပွဲမှာ တကယ်တမ်း ဘောလုံး ထိတွေ့ ကစားကြတာက ပွဲချိန်ပြည့် မရှိပါဘူး။ အမြင့်ဆုံးအဖြစ် ချန်ပီယံလိဂ်မှာတော့ ပွဲစဉ်ရဲ့ ၆၄.၇% ပဲ ဘောလုံးကစားကြကာ၊ ပရီးမီးယားလိဂ်မှာဆိုရင် ၆၂% ပဲ ဘောလုံးထိတွေ့ ကစားကြပါတယ်။ အင်္ဂလန်ချန်ပီယံရှစ်မှာဆိုရင် ပွဲချိန်ရဲ့ ၅၇.၂% ပဲ ဘောလုံးကို ထိတွေ့ကစားကြတာဖြစ်တယ်။

ဒါကြောင့် ပွဲချိန်ကို ပိုတိုးမြင့်လိုက်ခြင်းဟာ ဘောလုံးကစားတဲ့ ရာခိုင်နှုန်းကို ပိုတက်လာစေမယ်လို့ ဖီဖာက မျှော်လင့်နေပါတယ်။ ဒီအိုင်ဒီယာဟာ ဖီဖာဥက္ကဋ္ဌ အင်ဖာတီနိုထံကနေ ထွက်ပေါ်လာတာဖြစ်ပြီး တကယ်တမ်း အကောင်အထည်ဖော်ဖို့တော့ နောက်ထပ် ၄ နှစ် အချိန်ယူပါဦးမယ်။

ဘောလုံးပွဲတွေကို နောက်ထပ် ၁၀ မိနစ် ထပ်တိုးရေးအတွက် နိုင်ငံတကာ ဘောလုံးအဖွဲ့များ ဘုတ်အဖွဲ့ IFAB ထံက ခွင့်ပြုချက် ရယူဖို့ လိုအပ်မှာဖြစ်တယ်။ အတည်ပြုမှု ရပြီးရင်တော့ ၂၀၂၆ ခုနှစ်မှာ အသင်းပေါင်း ၄၈ သင်းထိ ပါဝင်ကစားမယ့် အမေရိကန် ကမ္ဘာဖလားမှာ စနစ်သစ်ကို စတင် ကျင့်သုံးနိုင်တယ်လို့ သိရပါတယ်။