ချယ်ဆီးမန်နေဂျာ သောမက်စ် တူချယ်က နည်းစနစ်ပိုင်း အမှားတွေ ပြုလုပ်ခြင်းက ရီးရဲလ်မက်ဒရစ်ကို ဂိုးပြတ် အရေးနိမ့်စေခဲ့တာလို့ ဝန်ခံမှု ပြုလုပ်ခဲ့ပါတယ်။
စတမ်းဖိုဒ့်ဘရစ်ကွင်းမှာ လာလီဂါကလပ်ကို ၃-၁ နဲ့ အရေးနိမ့်ခဲ့တာကြောင့် ချယ်ဆီးဟာ ဒုတိယအကျော့ကို ခက်ခဲစွာ ယှဉ်ပြိုင်သွားရတော့မှာ ဖြစ်တယ်။ ခံစစ်က မှားနေတယ်ဆိုတာကို သိပေမယ့်လည်း ဘယ်လို မှားနေတယ်ဆိုတာကို တိတိကျကျ ထုတ်ဖော်ဖို့တော့ တူချယ် ကိုယ်တိုင်က ခက်ခဲနေခဲ့ပါတယ်။
ဗင်နီးဆီးယက်စ်ကို ရင်ဆိုင်ဖို့ ခရစ္စတန်ဆန်ကို တာဝန်ပေးခဲ့တာ၊ ဒုတိယပိုင်းမှာ ရိစ်ဂျိမ်းကို အတွင်းလူနေရာ ပြောင်းကစားခဲ့တာတွေက မှားယွင်းတဲ့ နည်းစနစ် ရွေးချယ်မှုတွေ ဖြစ်ခဲ့တာကို တူချယ်က ဝန်ခံပါတယ်။
‘ ဟုတ်ပါတယ်၊ ကျနော်တို့ အမှားပါ။ ကျနော်တို့ ကစားကွက် ပြောင်းခဲ့တယ်။ ကိစ္စတွေကို အပြောင်းအလဲ လုပ်ချင်ခဲ့ပါတယ်။ ဘာလို့လည်းဆိုတော့ ဒီနေရာတွေကပဲ ကျနော်တို့က သူတို့ကို နာကျင်စေမယ့် နေရာတွေလို့ ထင်တာကြောင့်ပါ။
ဒါပေမယ့် ပွဲရဲ့ တောင်းဆိုမှုကို လိုက်ဖို့ရာအတွက် ကိစ္စတိုင်းမှာ ကျနော်တို့က ရီးရဲလ်မက်ဒရစ်ကို မမှီခဲ့ပါဘူး။ နည်းစနစ်ကော၊ တစ်ဦးချင်းမှာပါ သူတို့နောက် ကျန်နေခဲ့တယ်။ နောက်ပြီး စိန်ခေါ်မှုတွေနဲ့ ကစားမှုတွေမှာလည်း လိုအပ်ချက် ရှိခဲ့ပါတယ်။ ကစားကွက် အသစ်မှာ ကျနော်တို့ ကြိုးစားခဲ့ပေမယ့် အမှားကြီးနဲ့အတူ (တတိယဂိုးကို ဆိုလို) ပွဲက အဆုံးသတ်သွားပါတယ် ’ လို့ တူချယ်က တုန့်ပြန်ခဲ့တယ်။

ဒုတိယပိုင်းမှာ ခရစ္စတန်ဆန်နဲ့ ကန်တီတို့ကို လူစားလဲမှု ပြုလုပ်ခဲ့တာနဲ့ ပတ်သက်လို့လည်း ‘ အဲ့တာက နည်းစနစ်ပိုင်း အပြောင်းအလဲပါ။ ကစားသမား တစ်ဦး၊ နှစ်ဦးဆိုတာထက် ကျနော်တို့ အပေါ်မှာပဲ မူတည်ပါတယ်။ ကျနော် အပါအဝင်ပေါ့။
ပြောခဲ့သလိုပဲ တစ်ဦးချင်းတွေမှာ ကျနေ်ာတို့က ပုံစံကောင်းတွေ ပျောက်ဆုံးခဲ့တယ်။ နိုင်ငံတကာ သီတင်းပတ်အပြီးမှာ ကျနော်တို့က တူညီတဲ့ အနေအထားမှာ မရှိပါဘူး။ ကျနော်မှာ ရှင်းပြစရာ မရှိပါဘူး။ ဒီပွဲမတိုင်ခင်တုန်းက ကျနော်တို့က နိုင်ပွဲဆက်ကို အရှည်ကြီးရခဲ့တယ်။ ပြိုင်ဆိုင်နိုင်စွမ်း ပြင်းထန်ခဲ့တယ်။ ဒီပွဲ ပထမပိုင်းမှာတော့ လုံလောက်အောင် လုပ်ပြနိုင်ခဲ့ခြင်း မရှိပါဘူး။
ကျနော်တို့ ခံစစ်က အရင်ရက်တွေနဲ့ မတူတဲ့ စွမ်းဆောင်ရည်တွေ ဖြစ်နေတယ်။ ဘာလို့လည်းဆိုတာ မသိပါဘူး။ ကျနော်တို့ ဘာအပြောင်းအလဲမှလည်း မလုပ်ခဲ့ဘူး။ လူစာရင်း၊ ချဉ်းကပ်မှုနဲ့ စနစ်မှာ တစ်ခုခု မှားနေတာလား မသိတော့ပါဘူး။ ဒါက သတိပေးသံပါပဲ။ ဘာအပြောင်းအလဲမှ မလုပ်ပါဘဲ ၂ ပွဲအတွင်း ၇ ဂိုး ပေးထားရပါတယ်။ ’ လို့ တူချယ်က ပြောဆိုသွားခဲ့ပါတယ်။
