နှစ်ပေါင်း သောင်းချီရင်တောင် ထပ်မပေါ်လာနိုင်တဲ့ တီကို ကစားကွက်ကို ဒီဘရိုင်းနဲ့ ပက်တို့ ဝေဖန်

အက်သလက်တီကို မက်ဒရစ်ရဲ့ ၅-၅-၀ ကစားကွက်ကို ဘဝမှာ တခါမှ မကြုံခဲ့ဖူးဘူးလို့ ကီဗင်ဒီဘရိုင်းက ဆိုလိုက်ပြီး ချန်ပီယံလိဂ်ပြိုင်ဘက်ရဲ့ ခံစစ် ပိတ်ကစားလွန်းမှုက လွန်ကဲလှတယ်လို့ ဝေဖန်လိုက်ပါတယ်။

စီးတီးဟာ အက်သလက်တီကိုရဲ့ မာကျောရဲ့ ခံတပ်ကို ဖြိုခွင်းဖို့ ရုန်းကန်ခဲ့ရတာနဲ့အတူ အီသီဟဒ်မှာ စိတ်ပျက်စရာ ပထမအကျော့အပြီး ကျဉ်းမြောင်းတဲ့ ၁-၀ ဆိုတဲ့ရလဒ်နဲ့ အနိုင်ရခဲ့တာပါ။ ဒီဘရိုင်းရဲ့ မိနစ် ၇၀ သွင်းဂိုးက ပွဲကို အဆုံးအဖြတ် ဖြစ်စေခဲ့ပေမယ့် ကွင်းလယ်လူကပဲ ဧည့်သည်အသင်းရဲ့ ကစားကွက် တည်ဆောက်ပုံအပေါ် စိတ်ပျက်မိကြောင်း ဖွင့်ဟခဲ့ပါတယ်။

“ အသင်းတွေက ကျွန်တော်တို့နဲ့တွေ့ရင် ခံစစ်ကို အရမ်းအားပြုကြလေ့ ရှိပေမယ့် ဒီနေ့လိုမျိုး အသင်းတစ်သင်းက ၅-၅-၀ ပုံစံနဲ့ ကစားတာကို အခုမှ ပထမဆုံး မြင်တွေ့ဖူးတာပါ။ တိုက်စစ်မှူးတောင် မပါဘူး။ ဒါကြောင့် နေရာလွတ်တွေရှာဖို့ အရမ်းခက်ခဲတယ်။

ဒုတိယပိုင်းမှာ ကျွန်တော်တို့ အခွင့်အရေးတွေ ပိုရခဲ့ပြီး ကံကောင်းစွာပဲ တစ်ဂိုးသွင်းခဲ့တယ်။ ဒါပေမယ့် သူတို့ကို ဘာအခွင့်အရေးမှ မပေးခဲ့ဘူး။ ကျွန်တော်တို့ တကယ်ကို ကောင်းကောင်း ကစားခဲ့တာပါ ” လို့ ဒီဘရိုင်းက ပြောပါတယ်။

စီးတီးနည်းပြ ပက်ဂွာဒီယိုလာကလည်း ကွင်းလယ်လူရဲ့ မှတ်ချက်စကားတွေကို ထောက်ခံခဲ့ပါတယ်။ တီကိုရဲ့ ရေပတ်မဝင် ခံစစ်ဟာ စီးတီးရဲ့ တိုက်စစ်ကို အကောင်းဆုံး ခုခံခဲ့ပေမယ့် ဖိုဒန်ရဲ့ ကူညီပေးမှုကနေ ထက်မြက်လှတဲ့ ဒီဘရိုင်းက မရရအောင် ဖောက်ထွက်နိုင်ခဲ့တာဖြစ်တယ်။

“ သူတို့တွေ ၅-၃-၂ ပုံစံမျိုးနဲ့ ကစားလိမ့်မယ်ဆိုတာ ကျွန်တော်တို့ သိခဲ့ပါတယ်။ အဲ့နောက်မှာ သူတို့က ပြောင်းလဲလိုက်ပြီး ၅-၅ ပုံစံ ဖြစ်လာခဲ့တယ်။ အရင်ကရော၊ အခုရော၊ နောက်နှစ်ပေါင်း ထောင်သောင်းများစွာမှာ ၅-၅ ပုံစံကို တိုက်စစ်ဆင်ဖို့က အရမ်းခက်ခဲတယ်။ နေရာလွတ်ဆိုတာ မရှိပါဘူး ” လို့ ပြောဆိုခဲ့ပါတယ်။

ချန်ပီယံလိဂ်မှာ အဝေးဂိုး စည်းမျဉ်း မရှိတော့တာကြောင့် ဒုတိယအကျော့ မက်ဒရစ်မှာ ယှဉ်ပြိုင်တဲ့အခါ မန်စီးတီးက သရေရလဒ် ယူနိုင်ရင်ကို နောက်တစ်ဆင့် တက်နိုင်မှာဖြစ်ပေမယ့် အနိုင်ရအောင် ကစားဖို့ကို ဂွာဒီယိုလာက စိတ်အားထက်သန်နေသေးတာ ဖြစ်ပါတယ်။