မန်စီးတီးက တီကိုထက် ပိုကောင်းရင် ကောင်းမယ်၊ ဒါပေမယ့် ၂ပွဲ ပဲ ကစားရမှာလို့ ဆီမြွန်နီ ပွဲကြိုစိန်ခေါ်

အက်သလက်တီကို မက်ဒရစ်နဲ့ မန်စီးတီးအသင်းတို့ဟာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပွဲစဉ် အဖြစ် ဒီနေ့ည မန်စီးတီး အိမ်ကွင်း အီတီဟက်မှာ ယှဉ်ပြိုင် ကစားကြတော့မှာ ဖြစ်ပါတယ်။

အက်သလက်တီကို နည်းပြ ဆီမြွန်နီကတော့ မန်ချက်စတာ စီးတီးဟာ သူတို့အသင်းထက် ပိုကောင်းတဲ့ ကစားသမားတွေ ရှိချင် ရှိမှာ ဆိုပေမယ့် ကွာတားဖိုင်နယ် ၂ပွဲသာ ကစားရမှာ ဖြစ်လို့ ချန်ပီယံလိဂ်မှာ သူတို့လည်း ဆီမီးတက်သွားနိုင်ကြောင်း ပွဲကြိုမှာ သတိပေးလိုက်ပါတယ်။

ဆီမြွန်နီနဲ့ ပက် ဂွာဒီယိုလာတို့ ကစားဟန်က ဖြောင့်ဖြောင့်ကြီး ဆန့်ကျင့်နေတာ ဖြစ်တာကြောင့် နည်းပြချင်း အားပြိုင်မှုကိုလည်း ဒီပွဲမှာ မြင်ရမှာပါ။ ဒါပေမယ့် ဆီမြွန်နီကတော့ ဒီနှစ်ကျော့ ကစားတာကနေ ဘယ်အသင်းမဆို နောက်တစ်ဆင့် တက်ဖို့ အခွင့်ရှိကြောင်း ယုံကြည်နေပါတယ်။

” ကျနော်တို့ အားလုံးမှာ ဖိအားတွေက ရှိကြတာပဲ။ ကျနော်ကတော့ ဒါကို တာဝန်ယူရမယ့် ကိစ္စ တစ်ရပ်လိုပဲ ခံယူပါတယ်။ မန်စီးတီးမှာ ခြွင်းချက်မရှိ ပြီးပြည့်စုံတဲ့ ကစားသမားတွေ ရှိနေတယ် ဆိုတာ သံသယ မရှိပါဘူး။ သူတို့ ကစားသမားတွေက ကျနော်တို့ထက်တောင် ပိုကောင်းရင် ကောင်းဦးမယ်။ ဒါပေမယ့် ၂ပွဲပဲ ကစားရမှာ။

မန်စီးတီးနဲ့ ဘိုင်ယန်မြူးနစ်က ဗိုလ်လုပွဲထိ သွားဖို့ ပိုကောင်းတဲ့ အခွင့်ရေး ရှိရင် ရှိမယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ရာသီက ဖလားရသွားတာ ချယ်ဆီးနော်။ ” လို့ ဆီမြွန်နီက ပြောဆိုခဲ့ပါတယ်။

အက်သလက်တီကို မက်ဒရစ်ဟာ ပြီးခဲ့တဲ့ ၁၆သင်း ရှုံးထွက် အဆင့်မှာ စီးတီးရဲ့ မြို့ခံပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက် ကို အနိုင်ယူ ကျော်ဖြတ်လာခဲ့တာ ဖြစ်ပြီး ဆီမြွန်ီကတော့ ဒီနှစ်သင်းကြား ပုံစံချင်း မတူဘူးလို့ ဆိုပါတယ်။

” ယူနိုက်တက်နဲ့ မန်စီးတီးတို့က မတူညီတဲ့ ပုံစံတွေ ရှိကြတာပါ။ စီးတီးက နေရာယူတာ ကောင်းပြီး ကွင်းထဲမှာ နေရာတိုင်း လွှမ်းမိုးထားတော့တာ။ ဒါကို ကျနေ်ာတို့ စဉ်းစား ပြင်ဆင်ပြီး လုပ်နိုင်တာ အကုန်လုံး တိုးတက်အောင် လုပ်သွားမှာပါ။

မန်စီးတီးလို အသင်းကို ကျနော် သဘောကျတာက သူတို့ ဘောလုံး ဆုံးရှုံးသွားရင် ပြန်ယူဖို့ အားထုတ်ကြတာကိုပါ။ သူတို့ ကစားတာ ကြည့်ရတာ သိပ်ကောင်းပါတယ်။ ကျနော့် အတွက်ကလည်း ကစားသမားတွေဟာ အမြဲ တက်ကြွနေပြီး ဘောလုံး မဆုံးရှုံးဖို့ပဲ။ နည်းပြတိုင်းကတော့ ဒါမျိုးပဲ လိုချင်တာ။ ” လို့ ဆီမြွန်နီက ပြောဆိုခဲ့ပါတယ်။