အေတီကိုနဲ့ ချန်ပီယံလိဂ်ပွဲမှာ ၁၂ ယောက်ပါ အသင်းနဲ့ ကစားမယ်လို့ ဂွာဒီယိုလာ အရွှန်းဖောက်

မန်စီးတီးနည်းပြ ပက်ဂွာဒီယိုလာဟာ ပွဲကြီးတွေမှာ သူက အတွေးလွန်တတ်တယ်ဆိုတဲ့ အမြင်ကို ဟာသလုပ်ခဲ့ပြီး ‘မနက်ဖြန်မှာ အံ့ဩစရာ ကောင်းတဲ့ နည်းဗျူဟာတွေ မြင်တွေ့ရလိမ့်မယ်။ ကျွန်တော်တို့ ၁၂ ယောက်နဲ့ ကစားသွားမှာပါ” လို့ ပြောဆိုခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ အင်္ဂါနေ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့အဖြစ် အက်သလက်တီကို မက်ဒရစ်နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ စီးတီးဟာ တကြိမ်မှ ဥရောပဖလား အောင်မြင်ဖူးခြင်း မရှိသေးသလို ဂွာဒီယိုလာဟာလည်း ၂၀၁၁ မှာ ဘာစီလိုနာနဲ့အတူ ချန်ပီယံလိဂ်ဖလား အောင်မြင်ခဲ့ပြီးနောက်ပိုင်း ဥရောပဖလားတွေနဲ့ ဝေးကွာနေခဲ့တာပါ။

ဒီပြိုင်ပွဲရဲ့ အဓိကပွဲတွေမှာ သူ့ရဲ့ နည်းဗျူဟာတွေက မကြာခဏ အံ့ဩစရာဖြစ်ခဲ့ပြီး ၂၀၁၉-၂၀၂၀ မှာ ရီးရဲလ်မက်ဒရစ်ကို အနိုင်ရခဲ့တုန်းက false nine နှစ်ယောက် သုံးခဲ့တာမျိုးပါ ရှိခဲ့ပါတယ်။ အဲ့ဒီ့လို နည်းစနစ် အစမ်းထွင်မှုကြောင့် အနိုင်ရခဲ့တာမျိုး ရှိခဲ့ပေမယ့် ထူးထူးဆန်းဆန်း လက်တည့်စမ်းမှုကြောင့် ကြီးကြီးမားမား ရှုံးခဲ့ရတာလည်း ရှိပါတယ်။

မနှစ်က ချန်ပီယံလိဂ် ဖိုင်နယ်မှာ ကွင်းလယ်ခံစစ် စပါယ်ရှယ်လစ်တစ်ယောက် မပါပဲ ကစားခဲ့တဲ့ သူ့ရဲ့ ဆုံးဖြတ်ချက်က ဝေဖန်ခံခဲ့ရတာပါ။ စီးတီးဟာ အဲ့ဒီ့ပွဲမှာ ချယ်ဆီးကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ သူ့ရဲ့ ချဉ်းကပ်မှုပုံအပေါ် ဟာသဉာဏ်နဲ့ ကာကွယ်ပြောဆိုရာမှာ ဂွာဒီယိုလာက သူ့ရဲ့ သမိုင်းဝင် အောင်မြင်မှုကိုလည်း အရိပ်အမြွက် ပေးခဲ့ပါတယ်။

“ ချန်ပီယံလိဂ်မှာ ကျွန်တော်က အမြဲတမ်း အတွေးလွန်တတ်ပါတယ်။ အတော်လေးကို အတွေးလွန်တာပါ။ ဒါကြောင့်ပဲ ရလဒ်ကောင်းတွေ ရခဲ့တာပေါ့။ အတွေးလွန်ပြီး ရူးကြောင်ကြောင် နည်းဗျူဟာတွေ ဖန်တီးရတာကို ကြိုက်တယ်။ ဒီည ကျွန်တော် ဉာဏ်ကွန့်မြူးပြီး မနက်ဖြန်မှာ အံ့ဩစရာ နည်းဗျူဟာတွေ လုပ်ပြမယ်။ ကျွန်တော်တို့ ၁၂ ယောက်နဲ့ ကစားသွားမှာပါ ” လို့ ပက်က အရွှန်းဖောက်ခဲ့တာ ဖြစ်ပါတယ်။

ရလဒ်ကောင်းရဖို့ အက်သလက်တီကို ချဉ်းကပ်လာမယ့်ပုံစံကို သုံးသပ်ပေးဖို့ကိုတော့ ၎င်းက ငြင်းပယ်ခဲ့ပါတယ်။

“သူတို့ ဘယ်လို ကစားတယ် ဆိုတာကို ကျွန်တော် သုံးသပ်မှာ မဟုတ်ဘူး။ နောက်အပတ် မက်ဒရစ်မှာ ရလဒ်ကောင်းရဖို့ ဘာလုပ်ရမယ်ဆိုတာကိုလည်း စဉ်းစား အကဲဖြတ်သွာမှာ မဟုတ်ပါဘူး။

ဆိုးဆိုးရွားရွား ကစားတယ်ဆိုတာ ဘာလဲ။ ကျွန်တော့်အသင်းက အိုးထရက်ဖို့ဒ်မှာ ၁-၀ နဲ့ အနိုင်ရခဲ့ပြီး ဘာနာဒိုဆေးဗားက ထောင့်မှာ ၅ မိနစ် အချိန်ဖြုန်းခဲ့တယ်။ ဒါက ရုပ်မဆိုးပါဘူး။ နေရာကို ကာကွယ်တာလေ။ ကျွန်တော်တို့ ဘာလုပ်ဖို့ ကြိုးစားမယ်ဆိုတာ ပြောဖို့ ကျွန်တော် ဒီမှာ ရှိနေတာမဟုတ်ဘူး။ ကျွန်တော် ဘယ်တော့မှ ပြိုင်ဘက်တွေကို အကဲမဖြတ်ဘူး။

ကျွန်တော်တို့ အဝေးဂိုးနဲ့ ချန်ပီယံလိဂ်ကနေ ၃ ကြိမ် ထွက်ခွာခဲ့ရတယ်။ အခုက အဝေးဂိုး စည်းမျဉ်း မရှိတော့ဘူး။ ကျွန်တော်တို့ဟာ အနိုင်ရဖို့၊ အရှိန်ကောင်းကောင်းနဲ့ ကစားဖို့၊ အခွင့်အရေးတွေ ဖန်တီးဖို့ ကစားသွားမှာပါ။ ကျွန်တော်တို့ အောင်မြင်မှုရမလား၊ ပြိုင်ပွဲကနေ ထွက်ရမလား၊ ရွေးစရာနှစ်ခုပဲ ရှိပါတယ်။

အမြဲတမ်း ကျွန်တော်တို့အနိုင်ရဖို့ ကြိုးစားခဲ့တယ်။ ပြိုင်ဘက်က အဝေးဂိုးသွင်းပြီး မင်းက မသွင်းနိုင်လို့ ပြိုင်ပွဲကနေ ထွက်ရတာမျိုး၊ တစ်ဖက် ၅ ဂိုးစီ ဖြစ်နေချိန်မှာ ပြိုင်ဘက်က ၃ ဂိုးသွင်းပြီး မင်းက အဝေးဂိုးတစ်ဂိုးပဲ ရလို့ ထွက်ရတာမျိုးဆိုရင် အမြဲတမ်း ‘အိုးမိုင်ဂေါ့’ ပဲ။ သနားစရာ ကောင်းတယ်။

အခုတော့ အဲ့ဒီ့လို ငြင်းစရာ မလိုတော့ဘူး။ တတ်နိုင်သလောက် ပွဲကို အကောင်းဆုံး ကြိုးစားကစားဖို့ပါပဲ ” လို့ ဂွာဒီယိုလာက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။