ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ရောက် ကလပ် (၈) သင်းရဲ့ ဆုဖလား အနိုင်ရရေး ရေပန်းစား အဆင့်များ

၂၀၂၁-၂၀၂၂ ဘောလုံးရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ ကွာတားဖိုင်နယ်အဆင့် ပွဲစဉ်တွေက ဒီညမှာ စတင်သွားတော့မှာဖြစ်ပါတယ်။ ဒီအဆင့်မှာတော့ ဗြိတိန်သတင်းဌာန Mirror ကလပ်တွေရဲ့ ရေပန်းစားမှုကို အဆင့်အလိုက် ဖော်ပြသွားပါမယ်။

(၈) ဘင်ဖီကာ

ဘင်ဖီကာဟာ အုပ်စုအဆင့်မှာ ဘာကာကို ကျော်တက်ပြီး ၁၆ သင်းအဆင့်မှာ အေဂျက်ကို အနိုင်ယူခဲ့တဲ့အသင်း ဖြစ်ပါတယ်။ ဒါပေမယ့် ချန်ပီယံအောင်နိုင်ရေး ရေပန်းစားအသင်းတွေထဲက တစ်သင်းဖြစ်တဲ့ လီဗာပူးနဲ့ တွေ့ရမယ့် စိန်ခေါ်မှုက သူတို့အတွက် အရမ်းကို ခက်ခဲလွန်းတာ သေချာပါတယ်။ ဘင်ဖီကာအနေနဲ့ အခွင့်အရေးတစ်ခု ရှိဖို့ဆိုရင် သူ့အိမ်ကွင်းမှာ ဂိုးအသာစီး အနိုင်ရလဒ်နဲ့ အန်ဖီးကို လာကစားဖို့ လိုအပ်ပါလိမ့်မယ်။ ဒါက ဖြစ်နိုင်စရာတော့ သိပ်မရှိပါဘူး။

(၇) ဗီလာရီးရဲလ်

အဝါရောင် ရေငုပ်သမားတွေဟာ တူရင်မှာ ဂျူဗင်တပ်ကို ၃-၀ နဲ့ အနိုင်ယူခဲ့ပြီး သူတို့ရဲ့ ထိုက်တန်မှုကို သက်သေပြခဲ့သလို ဘိုင်ယန်မြူးနစ်နဲ့ ရင်ဆိုင်ရာမှာ အလားတူ သူရဲကောင်းဆန်မှုတွေ လိုအပ်ပါလိမ့်မယ်။ လာလီဂါမှာတော့ အခြေအနေ မကောင်းတဲ့ ဗီလာရီးရဲလ်ဟာ နောက်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်နဲ့ လွဲချော်ခဲ့ပြီးဖြစ်ပါတယ်။

စပိန်ကလပ်ဟာ ချန်ပီယံလိဂ်မှာ လီဝန်ဒေါစကီးတို့အဖွဲ့ကို အနိုင်ယူပြီးရင်တောင် နောက်တစ်ဆင့် လီဗာပူးနဲ့ တွေ့ရဖို့ များနေပြီး ဗိုလ်လုပွဲမှာလည်း မက်ဒရစ် နှစ်သင်း၊ ချယ်ဆီး မန်စီးတီးတို့ကို ထပ်မံကျော်ဖြတ်နိုင်မှ နောက်ရာသီ ချန်ပီယံလိဂ် ကစားရမှာပါ။ အဲ့လို လုပ်နိုင်ဖို့ဆိုတာ သိပ်ကို ဝေးကွာလွန်းတဲ့ ခရီးလမ်းတစ်ခုပါပဲ။

(၆) အက်သလက်တီကို မက်ဒရစ်

ဂျွာအိုဖီးလစ်ဟာ ဥရောပရဲ့ ခြေစွမ်းအကောင်းဆုံး ကစားသမားတစ်ယောက် ဖြစ်နေပြီး သူတို့အသင်း အနေနဲ့ မန်စီးတီးနဲ့ တွေ့တဲ့အခါ အကောင်းဆုံး ပုံစံမှာ ရှိနေဖို့ လိုအပ်ပါလိမ့်မယ်။ ဆီမြွန်နီဟာ ၂၀၁၆ တုန်းက ဂွာဒီယိုလာရဲ့ နာကျင်ရဆုံး ရှုံးပွဲတစ်ပွဲကို မိတ်ဆက်ပေးခဲ့သူဖြစ်ပြီး အဲ့ဒီ့တုန်းက ဘယ်သူမှ မထင်ထားတဲ့ အက်သလက်တီကိုဟာ ဘိုင်ယန်မြူးနစ်ကို ဆီမီးဖိုင်နယ်မှာ ဖြုတ်ချခဲ့ဖူးပါတယ်။

(၅) ချယ်ဆီး

ပြီးခဲ့တဲ့ပွဲမှာ ဘရန့်ဖို့ဒ်ဟာ စတန်းဖို့ဒ်ဘရစ်ချ်မှာ ချယ်ဆီးခံစစ်ကို ရုပ်ပျက်ဆင်းပျက်ဖြစ်အောင် ဖျက်ဆီးခဲ့ပြီး ဘန်ဇီးမား၊ ဗင်နေးစီးယပ်တို့လို ကစားသမားတွေကို ချယ်ဆီးခံစစ်က ဘယ်လို ထိန်းချုပ်မလဲဆိုတာ စိတ်ဝင်စားစရာပါ။ လူကာကူက ပွဲထွက်လူစာရင်းမှာ ပါလိုက်မပါလိုက် ဖြစ်နေပြီး တီမိုဗာနာက လုံးဝ ယုံကြည်မှု ကင်းမဲ့နေတာနဲ့အတူ တူချယ်အနေနဲ့ တိုက်စစ်ကို ဘယ်သူဦးဆောင်မလဲ ဆိုတဲ့ အပေါ် သေချာစဉ်းစားရဖို့ ရှိပါတယ်။

တူချယ်လက်အောက် ချယ်ဆီးဟာ ဥရောပပြိုင်ပွဲမှာ ပြီးပြည့်စုံလုနီးပါး ဖြစ်ခဲ့တာကြောင့် သူတို့ကို ဖယ်ထုတ်ဖို့ မလွယ်ပေမယ့် နှစ်နှစ်ဆက် ချန်ပီယံဖြစ်ရေး ရီးရဲလ်နဲ့ မန်စီးတီးကို ကျော်ဖြတ်ရဖို့ဟာ သူတို့အတွက် အတော်လေး ကြီးမားတဲ့ စိန်ခေါ်မှုတစ်ရပ် ဖြစ်ပါလိမ့်မယ်။

(၄) ရီးရဲလ်မက်ဒရစ်

၁၆ သင်းအဆင့် ပွဲစဉ်ဟာ ချန်ပီယံလိဂ်မှာ ရီးရဲလ်မက်ဒရစ်ကို ဘယ်တော့မှ အထင်သေးလို့ မရဘူးဆိုတာ သက်သေပြလိုက်တာပါ။ နောက်ဆုံး ၄၅ မိနစ်မှာ ၂-၀ နဲ့ ရှုံးနေတဲ့ ရီးရဲလ်မက်ဒရစ်ဟာ ဘန်ဇီးမားရဲ့ ဟက်ထရစ်နဲ့အတူ ပြန်လာခဲ့ပါတယ်။ ဒါက အရင်တုန်းက ဥရောပဘုရင် ရီးရဲလ်မက်ဒရစ် ပုံစံမျိုး မဟုတ်သေးပေမယ့် အရေးကြီးပြီဆိုရင်တော့ သူတို့ရဲ့ မြင့်တက်လာတဲ့ အရှိန်အဟုန်က ကြောက်စရာပါ။ နံပါတ်လေးမှာပဲ ထားထားပေမယ့် သူတို့က လျှော့တွက်ထားလို့ မရတဲ့ အသင်းဖြစ်ပါတယ်။

(၃) ဘိုင်ယန်မြူးနစ်

ဘိုင်ယန်ကို အဆင့် ၃ နေရာ ထားတာက လီဗာပူးနဲ့ မန်စီးတီးက သူတို့ထက် အနည်းငယ် အသာစီးရနေတာမို့ပါ။ လီဝန်ဒေါစကီး ရှိနေသရွေ့ သူတို့ဟာ အမြဲတမ်း အခွင့်အရေး ရနေမှာဖြစ်သလို ဗီလာရီးရဲလ်ကို အေးအေးဆေးဆေး ကျော်ဖြတ်ပြပါလိမ့်မယ်။ အဲ့ဒါ့ပြီးရင်တော့ ဆီမီးမှာ တွေ့ရဖို့ ပရိသတ်တွေ အထင်ထားဆုံး အသင်းနှစ်သင်းဟာ ဘိုင်ယန်နဲ့ လီဗာပူးဖြစ်ပါတယ်။

ဒီနှစ်သင်းဟာ ကမ္ဘာ့ဘောလုံးလောကမှာ လက်ရှိ အဆင့်အတန်း အမြင့်ဆုံး ကစားသမားကောင်းတွေကို ပိုင်ဆိုင်ထားသူတွေ ဖြစ်တာနဲ့အတူ ဗိုလ်လုပွဲနည်းတူ သွားရည်ကျစရာ ပွဲကောင်းတွေကို ကြည့်ရဖို့ ရှိနေတာပါ။

(၂) လီဗာပူး

ယာဂင်ကလော့ပ်ရဲ့ အသင်းဟာ ဒီရာသီမှာ အဓိကဆုဖလား အားလုံးအတွက် ပါဝင်ယှဉ်ပြိုင်နေဆဲဖြစ်သလို သမိုင်းတွင်အောင် လုပ်နိုင်မယ့် အခွင့်အရေး ရှိနေပါတယ်။ ဘင်ဖီကာကို လေးစားမှုထားဖို့ လိုအပ်မှာဖြစ်ပေမယ့် ဆီမီးအဆင့်မှာ လီဗာပူးအနေနဲ့ ဘိုင်ယန်ကို ကျော်ဖြတ်ဖို့ ကြိုးစားရမယ့်အသင်းအဖြစ် ရေပန်းစားနေပါတယ်။ ပရီးမီးယားလိဂ်မှာ တစ်ရာသီလုံး ခြေစွမ်းတည်ငြိမ်မှုကြောင့် မန်စီးတီးက လီဗာပူးထက်စာရင် မဖြစ်စလောက် ပမာဏနဲ့ အသာစီး ရှိနေဆဲဖြစ်ပါတယ်။

(၁) မန်စီးတီး

မနှစ်က ဖိုင်နယ်မှာ ရှုံးနိမ့်ခဲ့တဲ့ မန်စီးတီးဟာ ဒီနှစ်မှာ ပိုကောင်းကောင်း လုပ်နိုင်ဖို့ စိတ်အားထက်သန်နေမှာ ဖြစ်ပါတယ်။ အက်သလက်တီကိုက လွယ်ကူတဲ့ ပြိုင်ဘက် မဟုတ်ပေမယ့် သူတို့ကို ကျော်ဖြတ်ပြီးရင်တောင် ဆီမီးမှာ ချယ်ဆီး ဒါမှမဟုတ် ရီးရဲလ်မက်ဒရစ်ကို တွေ့ရဦးမှာပါ။

ဒါပေမယ့် ဗိုလ်လုပွဲကို ရောက်လာမယ့် အခြား တဖက်က အသင်းမှာ လီဗာပူးနဲ့ ဘိုင်ယန်တို့ ရှိနေကာ ဂွာဒီယိုလာဟာ သူ့အသင်းရဲ့ ဗိုလ်လုပွဲ အခွင့်အရေးကို စိတ်ကူးယဉ်နေပါလိမ့်မယ်။ ဗိုလ်လုပွဲ ရောက်ရင်တော့ သူ့အနေနဲ့ ကစားကွက်အသစ် စမ်းတာမျိုး၊ အီဒါဆန်ကို ဗဟိုကွင်းလယ် တက်ကစားခိုင်းတာမျိုးလို ကြောင်တောင်တောင်တွေ မလုပ်ဖို့ လိုအပ်ပါတယ်။