ချန်ပီယံလိဂ်ပြိုင်ဘက် ချယ်ဆီးကို စိန်ခေါ်လိုက်တဲ့ ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ ဗယ်ဗာဒီ

ရီးရဲလ်မက်ဒရစ် ကစားသမား တစ်ဦး ဖြစ်တဲ့ ဗယ်ဗာဒီ ကတော့ ချန်ပီယံလိဂ်မှာ ချယ်ဆီးနဲ့ ရင်ဆိုင်တွေ့ရမှာ အတွက် သဘောကျကြောင်း ပွဲကြိုမှာ ထုတ်ဖော် ပြောဆိုထားပါတယ်။

ဗယ်ဗာဒီကပဲ ပရီးမီးယားလိဂ်ကလပ်ကို မနှစ်တုန်းက အရေးနိမ့်ထားတာအတွက် ပြန်ပြီး လက်စားချေလို့ရမယ့် အခွင့်အရေးအတွက် ကျေနပ်နေတာဖြစ်တယ်။ မနှစ်တုန်းက ရီးရဲလ်မက်ဒရစ်နဲ့ ချယ်ဆီးတို့ဟာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာ ထိပ်တိုက်တွေ့ထားကြကာ ချယ်ဆီးအသင်းက အနိုင်ရခဲ့တာဖြစ်ပါတယ်။

ဗယ်ဗာဒီက ” ချယ်ဆီးနဲ့ ပွဲလား? ကျနေ်ာတို့ အတွက်တော့ အရင်နှစ်က ရှုံးကြွေးကို ပြန်လက်စားချေနိုင်မယ့် အခွင့်အရေးလေ။ ကျနော်တို့မှာ ဒီပွဲ အတွက် ကစားသမားကောင်းတွေ၊ နိုင်ပွဲ ဆာလောင်မှုတွေနဲ့ ဂိုးသွင်းဖို့ စိတ်ဓာတ်လှုံ့ဆော်မှုတွေ ရှိနေတယ်။ ” လို့ ပြောဆိုခဲ့တာပါ။

ရီးရဲလ်မက်ဒရစ်ဟာ ၁၆ သင်းအဆင့်မှာတော့ နှစ်ကျော့ပေါင်း ၃-၂ ဆိုတဲ့ ရလဒ်နဲ့အတူ ပီအက်စ်ဂျီကို ရင်ဆိုင် ကျော်ဖြတ်လာခဲ့တာပါ။ ကွာတားအဆင့်မှာတော့ မန်စီးတီး၊ လီဗာပူးလို ရင်ဆိုင်ရခက်ခဲမယ့် အသင်းတွေကို ရှောင်လွဲနိုင်တာအတွက်ကော မနှစ်က ရှုံးနိမ့်ထားတဲ့ ချယ်ဆီးကို ပြန်လည် ရင်ဆိုင်ရတာအတွက်ပါ ရီးရဲလ်မက်ဒရစ် အဝတ်လဲခန်းက ပျော်ရွှင်နေကြတယ်လို့ သိရတယ်။

လာလီဂါဖလားကို အနိုင်ရဖို့ နီးစပ်နေပေမယ့် ဇာဗီရဲ့ ဘာစီလိုနာကို အိမ်ကွင်းမှာ အရေးနိမ့်ခြင်းဟာ ရီးရဲလ်မက်ဒရစ်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတယ်လို မက်ဒရစ် အခြေစိုက် ကလပ်က ယူဆနေပါတယ်။ ဒါကြောင့်လည်း ဒီရာသီမှာ လာလီဂါဖလားအပြင် ချန်ပီယံလိဂ် ဖလားကိုပါ အနိုင်ယူပြီး ပရိသတ်တွေအတွက်ကော အသင်းအတွက်ပါ နှစ်သိမ့်မှု ဖန်တီးလိုနေတာ ဖြစ်ပါတယ်။

မနှစ်တုန်းကတော့ အခြေအနေတွေအရ ချယ်ဆီးကို အရေးနိမ့်ခဲ့ပေမယ့် ဒီရာသီမှာတော့ ရုပ်ပိုင်းဆိုင်ရာနဲ့ နည်းစနစ်ပိုင်းမှာ အမြင့်ဆုံး အဆင့်ကို ပြန်ပြီး စိန်ခေါ်နိုင်ပြီလို့ ယုံကြည်ချက် ရှိနေတဲ့ ရီးရဲလ်မက်ဒရစ် အဝတ်လဲခန်းဟာ လက်စားချေလိုစိတ်တွေ ပြင်းထန်းနေပါတယ်။

အင်္ဂလန်သတင်းဌာနတွေနဲ့ အင်တာဗျူးမှာ စပိန်ကလပ်ဘက်ကပဲ “ ရီးရဲလ်မက်ဒရစ်က လက်စားချေလိုစိတ်တွေ ငတ်မွတ်နေတယ်။ မနှစ်ကရာသီတုန်းက ချယ်ဆီးအသင်း အနိုင်ရသွားတာကို သူတို့တွေ လက်ခံပါတယ်။ ဒါပေမယ့် ဒီနှစ်တော့ သူတို့က ချယ်ဆီးကို အနိုင်ယူနိုင်မယ်လို့ ယုံကြည်ချက် ရှိနေကြပါတယ် ” လို့ ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။