အက်ဖ်အေဖလား အနိုင်ရရင်တောင် ကြီး ၆ ကြီးမှ ချန်ပီယံလိဂ်ဝင်ခွင့် ပေးမှာအတွက် ကန့်ကွက်

ဝက်စ်ဟမ်း နည်းပြ ဒေးဗစ်မိုယက်စ်ဟာ အက်ဖ်အေဖလား အောင်မြင်တဲ့ အသင်းကြီး ၆ သင်းသာလျင် ချန်ပီယံလိဂ်ဝင်ခွင့် ရရှိလိမ့်မယ်ဆိုတဲ့ အဆိုပြုချက်တွေကို သဘောမတူပဲ အသင်းအားလုံးဟာ သာတူညီမျှ အခွင့်အရေးတွေ ရသင့်တယ်လို့ ပြောဆိုခဲ့ပါတယ်။

UEFA ရဲ့ စည်းမျဉ်းသစ်မှာ အက်ဖ်အေဖလား အနိုင်ရရှိသူတွေဟာ ၂၀၂၄ ကနေစပြီး ချန်ပီယံလိဂ် ဝင်ခွင့်ရရှိနိုင်ရေး ထည့်သွင်းဖို့ ပြင်ဆင်နေပေမယ့် ဥရောပသမိုင်းမှာ အောင်မြင်မှုမှတ်တမ်း ရှိဖူးမှသာ ရလိမ့်မယ်လို့ သိရပါတယ်။

စနစ်ဟောင်း ၃၂ သင်းအစား အသင်း ၃၆ သင်း ပါဝင်ရမယ့် ချန်ပီယံလိဂ် စနစ်သစ်မှာ ထပ်တိုး ၂ နေရာကို အသင်းကြီးတွေအတွက် အခွင့်အရေးပေးဖို့ ယူအီးအက်ဖ်အေဘက်က ကြိုးစားနေတာဖြစ်တယ်။

“ ကျွန်တော်တို့ဟာ ဘောလုံးလောကရဲ့ကျယ်ပြန့်မှုအကြောင်း ပြောနေတာဖြစ်လို့ အဲ့ဒီ့ ပြိုင်ပွဲဝင်ခွင့်အတွက် အသင်းအားလုံးကို အခွင့်အရေး ပေးရမှာပါ။ အသင်းငယ်တစ်သင်းက အက်ဖ်အေဖလား အောင်မြင်ခဲ့ရင် အသင်းကြီးတွေနဲ့ တန်းတူ ဆက်ဆံခံရဖို့ မျှော်လင့်ပါတယ်။

ကျွန်တော်က ပုံမှန် ထိပ်ဆုံး ၆ သင်းထဲ ဝင်ခဲ့မယ်ဆိုရင် ဘာလို့ အဲ့ဒါကို လိုချင်မှာလဲ။ လူအများစုက အဲ့ဒီ့အဆိုပြုချက်ကို မှန်ကန်တဲ့ ပုံစံလို့ မြင်မယ် မထင်မိပါဘူး။ အားလုံးကို အရည်အချင်းနဲ့ပဲ ဆုံးဖြတ်သင့်ပါတယ် ” လို့ မိုယက်စ်က ဆိုပါတယ်။

မိုယက်စ်ရဲ့ အသင်းဟာ ၃၁ ပွဲ ကစားအပြီးမှာ ၅၁ မှတ်နဲ့ အဆင့် ၆ နေရာမှာ ရှိနေပြီး တစ်ပွဲလျော့ ကစားထားတဲ့ အဆင့် ၄ နေရာက စပါးအသင်းနဲ့ ၃ မှတ်ကွာဟနေတာပါ။
ဝက်ဟမ်းဟာ ယူရိုပါလိဂ် ပြိုင်ပွဲမှာ နောက်ဆုံးအဆင့်တွေထိ ရောက်ဖို့ ရည်မှန်းထားသလို ကြာသပတေးနေ့ ယူရိုပါလိဂ် ကွာတားဖိုင်နယ် ပထမအကျော့မှာ လိုင်ယွန်ကို လက်ခံကစားရမှာ ဖြစ်ပါတယ်။

ဝက်စ်ဟမ်းဟာ အဲ့ဒီ့ ထိပ်တန်းလေးနေရာအတွက် လက်မလျှော့သေးဘဲ ဧပြီလအထိ ဆက်လက် တိုက်ပွဲဝင်နေနိုင်သေးတာကြောင့် သူတို့ရဲ့ တိုးတက်လာမှုက အထင်အရှား ဖြစ်နေတာကို မိုယက်စ်က ကျေနပ်နေတာပါ။

“ တခါတလေ နည်းနည်း ပိုပြီး ပြတ်ပြတ်သားသား ဖြစ်သွားနိုင်စရာ ရှိခဲ့ပါတယ်။ ဒါပေမယ့် ရာသီ ဒီလိုအချိန်မှာ ရမှတ်တွေ ရယူနိုင်နေတာ ပျော်စရာပါ။ ဥရောပ ပြိုင်ပွဲကစားခွင့်ထဲ ပြန်ရောက်လာတာက ကျွန်တော်တို့တွေ ရာသီကောင်းတစ်ခု ရခဲ့တာကို ပြသနေတာပါ။ ဒါကို ကျွန်တော်တို့ အရှိန်ဆက်ထိန်းထားဖို့ လိုပါတယ် ” လို့ မိုယက်စ်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။