လီဗာပူး၊ မန်စီးတီးကို ရှောင်နိုင်ခဲ့ပြီး ချယ်ဆီးနဲ့ ပြန်တွေ့ခြင်းကို ပျော်နေတဲ့ ရီးရဲလ် အသင်းသားများ

လာလီဂါကလပ် ရီးရဲလ်မက်ဒရစ်ဟာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့်မှာ ခက်ခဲတဲ့ ပြိုင်ဘက်တွေကို ရှောင်လွဲနိုင်ပြီး ချယ်ဆီးကို လက်စားချေဖို့ အခွင့်အရေးရတာကို ကျေနပ်နေတယ်လို့ The Athletic က ဖော်ပြပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ အိမ်ကွင်းမှာ ဇာဗီ ဦးဆောင်တဲ့ ဘာစီလိုနာအသင်း ၄-၀ နဲ့ အနိုင်ယူခြင်း ခံခဲ့ရတာကြောင့် ပိုအားကောင်းတဲ့ ရည်မှန်းချက်တွေ ထားရှိလာပါတယ်။ ဒီရာသီ လာလီဂါဖလားကို အနိုင်ရဖို့ အရေးသားနေမှု တစ်ပွဲလျော့ ကစားထားတဲ့ ဘာစီလိုနာကို ၁၂ မှတ်ထိ ဖြတ်ထားနိုင်ပါပြီ။

ဒါပေမယ့် လာလီဂါဖလားအပြင် ချန်ပီယံလိဂ်ဖလားကိုပါ အနိုင်ရမှပဲ ရီးရဲလ်မက်ဒရစ်အတွက် ဘောလုံးရာသီကောင်းဖြစ်မယ်လို့ ကလပ် တာဝန်ရှိသူတွေက ထင်မြင်လာနေပြီ ဖြစ်ပါတယ်။

The Athletic နဲ့ အင်တာဗျူးမှာ ရီးရဲလ်မက်ဒရစ် သတင်းပေးက “ ပြီးခဲ့တဲ့ ကလပ်စီကို ပွဲစဉ်ကို အရေးနိမ့်ခဲ့တာနဲ့အတူ လာလီဂါဖလား အနိုင်ရတာလောက်က ရီးရဲလ်မက်ဒရစ် ဥက္ကဋ္ဌအတွက် ကျေနပ်စရာ မဟုတ်တော့ပါဘူး ” လို့ ပြောဆိုခဲ့တယ်။

ရီးရဲလ်မက်ဒရစ်ဟာ ဗုဒ္ဓဟူးနေ့မှာ စတမ်းဖိုဒ့်ဘရစ်ကို လာရောက်ပြီး ချယ်ဆီးအသင်းနဲ့ ယှဉ်ပြိုင်ကစားမှာဖြစ်တယ်။ အင်္ဂလန် ထိပ်သီးတွေဖြစ်တဲ့ လီဗာပူး၊ မန်စီးတီးလို ပိုခက်ခဲတဲ့ ပြိုင်ဘက်တွေကို ရှောင်နိုင်ခဲ့ပြီး ချယ်ဆီးနဲ့ ထိပ်တိုက်တွေ့ခြင်းကို ရီးရဲလ်မက်ဒရစ် အဝတ်လဲခန်းက ပျော်ရွှင်နေတယ်လို့ ၎င်းက ဆိုပါတယ်။

မနှစ်ကရာသီ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာ ရုပ်ပိုင်းဆိုင်ရာနဲ့ နည်းစနစ်ပိုင်းအရ ချယ်ဆီးအသင်း အနိုင်ယူသွားတာ ခံခဲ့ရပေမယ့် ဒါကို လက်စားချေလိုစိတ်တွေက လာလီဂါကလပ်ရဲ့ အသင်းသားတွေကြားမှာ ပြင်းထန်နေပါတယ်။

၎င်းသတင်းပေးကပဲ “ ရီးရဲလ်မက်ဒရစ်က လက်စားချေလိုစိတ်တွေ ငတ်မွတ်နေတယ်။ မနှစ်ကရာသီတုန်းက ချယ်ဆီးအသင်း အနိုင်ရသွားတာကို သူတို့တွေ လက်ခံပါတယ်။ ဒါပေမယ့် ဒီနှစ်တော့ သူတို့က ချယ်ဆီးကို အနိုင်ယူနိုင်မယ်လို့ ယုံကြည်ချက် ရှိနေကြပါတယ် ” လို့ ဆိုသွားခဲ့တာဖြစ်တယ်။

ချယ်ဆီးအသင်းဟာ မနှစ်က ဆီမီးဖိုင်နယ်မှာ ရီးရဲလ်မက်ဒရစ်ကို အနိုင်ယူခဲ့ပြီး ဗိုလ်လုပွဲမှာတော့ အင်္ဂလန်ပြည်တွင်း ပြိုင်ဘက် မန်စီးတီးကို ထပ်မံ အနိုင်ယူကာ ချန်ပီယံဖြစ်ထားခဲ့တာ ဖြစ်ပါတယ်။