ယူကရိန်းပြည်သူတွေအတွက် ရန်ပုံငွေရှာဖို့ ဥရောပကလပ်ပေါင်း များစွာနဲ့ ညိနှိုင်းမယ့် ဒိုင်နမို ကိဗ်

ယူကရိန်းပြည်တွင်း ချန်ပီယံအသင်းဖြစ်တဲ့ ဒိုင်နမိုကိဗ်အသင်းဟာ ယူကရိန်း-ရုရှား အရေးမှာ စစ်ဘေးဒဏ် ခံစားနေရတဲ့ ပြည်သူတွေအတွက် ရန်ပုံငွေ ရှာဖွေရေး ၃ လကြာ ချစ်ကြည်ရေး ခရီးစဉ်အဖြစ် ဥရောပထိပ်သီးအသင်းတွေနဲ့ ယှဉ်ပြိုင်ကစားဖို့ ပြင်ဆင်နေပါတယ်။

ယူကရိန်းဟာ ဘာစီလိုနာ၊ ပီအက်စ်ဂျီလို အသင်းတွေနဲ့ ချစ်ကြည်ရေးပွဲ ကစားမှာဖြစ်တယ်။ ဒါ့အပြင် ၃ လတာအတွင်းမှာ ဒေါ့မွန်၊ မီလန်၊ စပို့တင်း၊ ဘင်ဖီကာ၊ အေဂျက် အသင်းတို့နဲ့လည်း ဧပြီလကနေ ဇွန်လအတွင်း ရန်ပုံငွေပွဲတွေ ကစားမှာဖြစ်ပါတယ်။ ဒီငွေကြေးတွေဟာ စစ်ဘေးဒဏ် ခံစားနေရတဲ့ ယူကရိန်းပြည်သူတွေအတွက် အထောက်အပံ့ပေးဖို့ ရည်ရွယ်ထားပါတယ်။

‘ နိုင်ငံ ခေါင်းဆောင်တွေကို အားပေးထောက်ခံနေကြတာအတွက် ကျေးဇူးတင်ပါတယ်။ ဒိုင်နမိုကလည်း ဥရောပထိပ်တန်း ကလပ်တွေနဲ့ ချစ်ကြည်ရေးပွဲတွေ ကစားခြင်းဖြင့် နိုင်ငံတကာ ပရဟိတ ရန်ပုံငွေမစ်ရှင်တွေကို တာဝန်ယူသွားပါမယ်။ ‘ ကလပ်ရဲ့ တရားဝင် ဝဘ်ဆိုဒ်ကနေ သတင်းထုတ်ပြန်သွားပါတယ်။

ပွဲစဉ်အားလုံးကို “Match for Peace! Let’s Stop the War!” ဆိုတဲ့ ရည်ရွယ်ချက်နဲ့အတူ ယှဉ်ပြိုင်ကစားမှာဖြစ်ပါတယ်။ ပွဲစဉ်တွေကို ကစားရခြင်းက ရုရှား ကျူးကျော်မှုကြောင့် ဘေးဒုက္ခရောက်နေတဲ့ ယူကရိန်းနိုင်ငံသားတွေကို ထောက်ပံ့ပေးနိုင်ရေးနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းကို သတင်းပေးနိုင်ဖို့ ရည်ရွယ်ပါတယ်။

‘ ဒိုင်နမိုအသင်းရဲ့ ချစ်ကြည်ရေးပွဲအားလုံးကို ယူကရိန်းနဲ့ ဥရောပ တီဗီချန်နယ်တွေမှာ ထုတ်လွင့်မှာဖြစ်တယ်။ ဒီပရော်ဂျက်မှာ ယူကရိန်းအရေး ကြိုးစားပေးနေတဲ့ ယူကရိန်း အနုပညာရှင်တွေလည်း ပါဝင်သွားကြမယ် ‘ လို့ ဒိုင်နမိုကိဗ်ဘက်က ထုတ်ပြန်ပါတယ်။

ယူကရိန်းပြည်တွင်းမှာတော့ ရုရှားရဲ့ ကျူးကျော်ခြင်းတွေကြောင့် ပြည်တွင်းလိဂ်ကို ရပ်နားခဲ့ပါတယ်။ ဒါ့အပြင် မာရှယ်လော ထုတ်ထားတာကြောင့် အသက် ၁၈-၆၀ နှစ်ကြား ယောက်ကျားသားတွေဟာ တိုင်းပြည်တွင်းကနေ ထွက်ခွာခွင့် မရှိပါဘူး။

သိုပေမယ့်လို့ ယူကရိန်း အားကစားဝန်ကြီးကတော့ အထူးပါမစ်နဲ့အတူ ကလပ်တွေကို နိုင်ငံပြင်ပထွက်ပြီး ဘောလုံးကစားခြင်းနဲ့ အားကစားဆိုင်ရာ ကိစ္စတွေ လုပ်ဆောင်ခြင်းတွေကို သီးသန့် ခွင့်ပြုချက်ပေးဖွယ် ရှိပါတယ်။

လာမယ့်အပတ်မှာပဲ ယူအီးအက်ဖ်အေ လူငယ်ပြိုင်ပွဲအဖြစ် ဒိုင်နမိုကိဗ်အသင်းဟာ စပို့တင်း လစ္စဘွန်းအသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။ ဒါဟာ ရုရှား ကျူးကျော်စစ် စတင်လာကတည်းက ပထမဆုံး ကစားမယ့် ယူကရိန်းအခြေစိုက် အသင်းတစ်သင်းရဲ့ ပွဲစဉ် ဖြစ်လာပါလိမ့်မယ်။

အသက် ၁၈ နှစ်အောက် ကစားသမားတွေကို တိုင်းပြည်ပြင်ပ ထွက်ခွာခွင့် ပေးထားတာကြောင့် ဒိုင်နမိုကိဗ်ဟာ သူတို့အသင်း လူငယ်တွေကို ရိုမေးနီးယား နိုင်ငံထံ ထွက်ခွာစေပြီး အဲ့မှာပဲ ပြန်စုစည်းမှု လုပ်ထားတာဖြစ်ပါတယ်။