NEWS: ကြီး ၆ ကြီးထဲက တစ်သင်း FA ဖလား အနိုင်ရရင် ချန်ပီယံလိဂ်ဝင်ခွင့် ပေးဖို့ ပြင်ဆင်

ဥရောပဘောလုံးအဖွဲ့ချုပ်ဘက်က ၂၀၂၄ ခုနှစ်ကနေ စတင်မယ့် ချန်ပီယံလိဂ် ပြိုင်ပွဲသစ်မှာ အင်္ဂလန် အက်ဖ်အေဖလားကို အနိုင်ရတဲ့ ကလပ်ကိုလည်း ဝင်ခွင့်တစ်နေရာပေးဖို့ ပြင်ဆင်နေပြီဖြစ်ကြောင်း တယ်လီဂရပ်က ဖော်ပြပါတယ်။

မကြာသေးခင်ကပဲ ခုန်ပျံကျော်လွှားစနစ်နဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ပေးဖို့ ငြင်းဆန်ခဲ့တဲ့ ယူအီးအက်ဖ်အေဟာ အခြားသော စနစ်သစ်နဲ့အတူ ပရီးမီးယားလိဂ် ကြီး ၆ ကြီးကို ဥရောပဝင်ခွင့် တစ်နေရာတိုးပေးဖို့ ပြင်ဆင်နေတာပါ။ ၎င်းတို့ ရွေးချယ်တဲ့ စနစ်မှာတော့ ဥရောပမှာ သမိုင်းကြောင်းရှိမှုအပေါ် မူတည်တဲ့ ရွေးချယ်မှုမျိုး ပါဝင်လာမှာဖြစ်ပါတယ်။

ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ စနစ်ကို စတင်ချိန်မှာတော့ ပြိုင်ပွဲဝင်ကလပ် ၃၆ သင်းထိ ရှိလာမှာဖြစ်ကာ လက်ရှိ ကျင်းပနေတဲ့ စနစ်နဲ့ဆိုရင် ၄ သင်းထိ ပိုတိုးလာတော့မှာပါ။ ထပ်တိုးဝင်ခွင့် ၄ နေရာထဲက ၂ နေရာကိုတော့ ချန်ပီယံလိဂ်ဝင်ခွင့် မရတဲ့ Uefa co-efficient မြင့်မားတဲ့ ကလပ်တွေအတွက် စဉ်းစားပေးနေတာဖြစ်တယ်။

ဒါပေမယ့်လို့ ကြီး ၆ ကြီး စာရင်းဝင် ကလပ်တွေထဲက တစ်သင်း အနိုင်ရမှ ဝင်ခွင့်ပေးမှာဖြစ်ပြီး ထိပ်သီး ၆ သင်းပြင်ပ ကလပ်တစ်သင်းက အက်ဖ်အေဖလား အနိုင်ရမယ်ဆိုရင်တော့ အဆိုပါ စည်းမျဉ်းက အသုံးဝင်မှာ မဟုတ်ပါဘူး။

ဥပမာအားဖြင့် ဒီရာသီမှာ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ရောက် ကလပ်တွေထဲက မန်စီးတီး၊ လီဗာပူး၊ ချယ်ဆီးတို့ဟာ အက်ဖ်အေဖလားကို အနိုင်ရလို့ ပြည်တွင်းမှာ အဆင့် ၄ ပြင်ပဆိုရင် လာမယ့်ရာသီ ချန်ပီယံလိဂ်င်ခွင့်ရမှာဖြစ်တယ်။ ဒါပေမယ့်လို့ ပဲလေစ့်အသင်း အက်ဖ်အေဖလား အနိုင်ရမယ်ဆိုရင်တော့ ချန်ပီယံလိဂ်ဝင်ခွင့် ရမှာ မဟုတ်ပါဘူး။

အဲ့စနစ် မတိုင်ခင် UEFA coefficient ကို အခြေခံပြီး ခုန်ပျံကျော်လွှားစနစ်နဲ့ ဝင်ခွင့်ပေးရေးမှာက အငြင်းပွားမှုတွေ ရှိထားခဲ့တယ်။ သက်ဆိုင်ရာ အမှတ်ပေးလိဂ်တွေမှာ အဆင့် ၄ ပြင်ပ ကလပ်တွေထဲက တစ်သင်းကို ချန်ပီယံလိဂ်ဝင်ခွင့် ပေးတဲ့အခါ အဆင့် ၆ နေရာက အသင်းက အဆင့် ၅ နေရာက အသင်းထက် UEFA coefficient မြင့်နေရင် စကားပြောစရာ ဖြစ်လာပါလိမ့်မယ်။

ယူအီးအက်ဖ်အေဘက်က ထပ်တိုး ၄ နေရာလုံးကို အသင်းငယ်တွေအတွက် အခွင့်အရေးဖြစ်စေတာထက် မျှမျှတတအားဖြင့် အသင်းကြီးတွေအတွက်လည်း ၂ နေရာစာ ဖန်တီးပေးလိုနေတာဖြစ်တယ်။ စနစ်သစ် မစတင်ခင် ဆွေးနွေးမှုတွေ များစွာ လုပ်ကြဖွယ်ရှိပြီး လာလီဂါ အပါအဝင် အခြားသော ထိပ်သီးလိဂ်တွေ အတွက်လည်း စဉ်းစားပေးမှုတွေ ရှိဦးမှာဖြစ်ပါတယ်။