အင်္ဂလန်က အလွယ်ဆုံး မဟုတ်ဘဲ အခက်ခဲဆုံး အုပ်စုကို ရခဲ့တာဖြစ်ကြောင်း ဖီဖာ ထုတ်ပြန်

သောကြာနေ့ ကမ္ဘာဖလား မဲခွဲမှုမှာတော့ အင်္ဂလန်အသင်းဟာ အသင်းကြီးတွေ အားလုံးကို ရှောင်နိုင်ခဲ့ပြီး လွယ်ကူမယ့် ပြိုင်ဘက်တွေနဲ့ အတွဲကျခဲ့ပါတယ်။

ယူရို ၂၀၂၀ ဒုတိယဆုရှင် အင်္ဂလန်အသင်းဟာ အီရန်၊ အမေရိကန်နဲ့ အတွဲကျခဲ့တာဖြစ်တယ်။ ယူကရိန်း၊ ဝေလ်းနဲ့ စကော်တလန်တို့ထဲက ခြေစစ်ပွဲအောင်လာမယ့် အသင်းကလည်း Group B ထဲ ပါဝင်သွားပါမယ်။ ဘယ်အသင်းကမှ အင်္ဂလန်ကို ကြီးကြီးမားမား ဒုက္ခပေးနိုင်ဖွယ် မရှိခြင်းကြောင့် အင်္ဂလန်က အိပ်မက်ဆန်တဲ့ အုပ်စုအဆင့် မဲခွဲမှုကို ရခဲ့တာလို့ မှတ်ချက်တွေ ရနေခဲ့တာပါ။

ကမ္ဘာဖလား မဲခွဲမှုတွေ ထွက်လာခဲ့ပြီးတဲ့နောက် အင်္ဂလန်ဟာ အုပ်စုချောင်နေမှုနဲ့အတူ ၂၀၂၂ ခုနှစ် ကာတာပြိုင်ပွဲမှာ အနိုင်ရဖို့ ရေပန်းစားစာရင်းမှာ ပါဝင်လာခဲ့ပါတယ်။ ၎င်းတို့ဟာ ထိပ်ဆုံး ၂ သင်းနဲ့ ၃ သင်း စာရင်းထဲမှာ ရှိနေတာဖြစ်ပါတယ်။

သို့ပေမယ့် မဲခွဲမှုအပြီး ဖီဖာရဲ့ နောက်ဆက်တွဲ ထုတ်ပြန်ချက်မှာတော့ အင်္ဂလန်ဟာ အခက်ခဲဆုံး အုပ်စုအဆင့်ကို ပိုင်ဆိုင်ခဲ့တယ်လို့တောင် ဖော်ပြခဲ့ပါတယ်။ အုပ်စု ၈ ခုထဲမှာ အင်္ဂလန်အသင်းပါတဲ့ Group B က ပျှမ်းမျှ ကမ္ဘာအဆင့် သက်မှတ်ချက်မှာ ၁၄.၂၇ နဲ့ အမြင့်ဆုံးမှာ ရှိနေတာပါ။

ဒုတိယအမြင့်ဆုံးက ပြင်သစ်၊ ဒိန်းမတ်၊ တူနီရှားတို့ ပါဝင်ထားတဲ့ Group D ဖြစ်ကာ ပျှမ်းမျှ ကမ္ဘာအဆင့် သက်မှတ်ချက်မှာ ၁၇.၇၅ ဖြစ်ပါတယ်။

အင်္ဂလန်မန်နေဂျာ ဆောက်ဂိတ်က ‘ အုပ်စုအဆင့်တွေက အမြဲတမ်း အန္တရာယ်ကြီးပါတယ်။ အလှည့်အပြောင်းများတဲ့ ပွဲတွေလည်း ပါဝင်နေတယ်။ အမေရိကန်နဲ့ အီရန်တို့ဟာ ကျနေ်ာတို့ ပုံမှန် ကစားနေကျ အသင်းမျိုးတွေ မဟုတ်သလို တတိယအသင်းက ဘယ်အသင်းဖြစ်လာမလဲ မသိပါဘူး။ ဗြိတိန်ဒါဘီ ဖြစ်လာဖို့တော့ ရှိပါတယ်။

တစ်ခုရှိတာက ဘောလုံးရာသီရပ်နားပေးပြီး ၇ ရက်အကြာမှာပဲ ပြိုင်ပွဲကို စတင်ရမှာမို့ အင်္ဂလန်မှာ ပြင်ဆင်ချိန်တွေ အများကြီး မရှိပါဘူး။ ကျနော်တို့ ဒဏ်ရာနဲ့ ကြံ့ခိုင်မှု အခြေအနေတွေကို စစ်ဆေးရပါမယ်။ အဲ့တာက အရေးပါပါတယ် ‘ လို့ ဆိုခဲ့တာဖြစ်ပါတယ်။