အီဂျစ် လက်ရွေးစင်ကနေ အနားဖွယ်ရှိကြောင်း စကားမျိုး ပြောဆိုလာတဲ့ ဆာလာ

လီဗာပူးကြယ်ပွင့် တိုက်စစ်သမား ဆာလာက ကမ္ဘာ့ဖလား အသည်းကွဲ ဖြစ်ရပ်အပြီး နိုင်ငံအသင်းကနေ အနားယူဖို့ အဆင်သင့် ဖြစ်ကောင်းဖြစ်နေနိုင်တဲ့ အကြောင်း အရိပ်အမြွက် ပေးခဲ့ပါတယ်။

အီဂျစ်ဟာ ခြေစစ်ပွဲ နှစ်ကျော့မှာ ဆီနီဂေါနဲ့ တစ်ဂိုးစီ သရေကျခဲ့ပြီး ပင်နယ်တီမှာ အရေးနိမ့်ခဲ့တာကြောင့် ကာတာ ကမ္ဘာ့ဖလား ဝင်ခွင့် တစ်နေရာရဖို့ ကျရှုံးခဲ့ပါတယ်။ အသက် ၂၉ နှစ်အရွယ် ဆာလာဟာ ဖာရိုးတွေအတွက် နိုင်ငံအသင်း တာဝန်ဆီ ပြန်လာဖို့နဲ့ ပတ်သက်ပြီး မရေမရာ ဖြစ်နေတဲ့ပုံပါပဲ။

ဆာလာက အနာဂတ်မှာ သူအီဂျစ်အသင်းနဲ့အတူ မရှိတော့တာလည်း ဖြစ်လာနိုင်ကြောင်းကို အီဂျစ်အဝတ်လဲခန်းအတွင်း သူ့အသင်းဖော်တွေနဲ့ ပွင့်ပွင့်လင်းလင်း စကားပြောဆိုနေတဲ့ ဗီဒီယိုထဲမှာ မြင်တွေ့ခဲ့ရပါတယ်။

“ ဒုတိယအကျော့ပွဲ မစခင် ကျွန်တော့် အသင်းဖော်တွေကို ပြောခဲ့ပါတယ်။ သူတို့နဲ့ ကစားရလို့ ကျွန်တော် ဂုဏ်ယူတဲ့အကြောင်း၊ သူတို့က ကျွန်တော် တွဲကစားခဲ့ဖူးတဲ့ အကောင်းဆုံး ကစားသမားတွေထဲမှာ ပါဝင်ကြောင်းပေါ့။

ကျွန်တော်က ဂိုမား၊ အဘူထရီကာ၊ အယ်ဆာအက်တို့ အရင်မျိုးဆက်တွေနဲ့ နည်းနည်း ကစားခဲ့ဖူးတယ်။ ဒါပေမယ့် လက်ရှိ မျိုးဆက်နဲ့ ကျွန်တော် ပျော်ရွှင်နေပါတယ်။ သူတို့နဲ့ ကစားရတာ ကျွန်တော် ဂုဏ်ယူတယ်။ ဒါက ကျွန်တော့်အတွက် ဂုဏ်ယူစရာပဲ။

ဖြစ်ပျက်ခဲ့တဲ့ အရာတွေကို ဘယ်သူကမှ ဝင်နှောင့်ယှက်လို့ မရပါဘူး။ ဘာလို့လဲဆိုတော့ ဒါက အာဖရိက နေးရှင်းဖလား ဗိုလ်လုပွဲအပြီး ဒုတိယအကြိမ် ပင်နယ်တီ အဆုံးအဖြတ်ပါ။ ကျွန်တော် ပြောနိုင်တာ အများကြီး မရှိပေမယ့် ဒါပြီးလို့ နိုင်ငံအသင်းမှာ ကျွန်တော် ဆက်ရှိရှိ မရှိရှိ မင်းတို့နဲ့အတူ ကစားရတာ ဂုဏ်ယူစရာ ဖြစ်ခဲ့ပါတယ် ” လို့ ဆာလာက ပြောခဲ့ပါတယ်။

ဒါပေမယ့် အီဂျစ် အားကစားဝန်ကြီး ဆိုဘီက သူ့ကို ကြားဖြတ်ပြီး ‘မင်း အသင်းမှာ ရှိနေမှာပါ’ လို့ ဆာလာကို အားပေးစကား ပြောဆိုခဲ့တယ်။

ဆာလာ ပင်နယ်တီ လွဲချော်ခဲ့တဲ့ ဆီနီဂေါနဲ့ပွဲဟာ အငြင်းပွားစရာ ကိစ္စတွေဖြစ်ခဲ့ပြီး သူဟာ ဆီနီဂေါ ပရိသတ်တွေထံက လူမျိုးရေးခွဲခြားမှုတွေနဲ့ပါ စော်ကားခံခဲ့ရသေးတာဖြစ်ပါတယ်။ဆာလာက သူ့ရဲ့ ပင်နယ်တီ လွဲချော်မှုမတိုင်ခင် မျက်နှာကို လေဆာထိုးခံခဲ့ရတာကို မြင်တွေ့ခဲ့ရတယ်။

သူဟာ ပွဲအပြီး ကွင်းထဲကနေ ထွက်ခွာဖို့ ကြိုးစားခဲ့ချိန် အရာဝတ္ထုတွေနဲ့ ပစ်ပေါက် ခံခဲ့ရတာကြောင့် လုံခြုံရေးတွေရဲ့ အကူအညီရယူပြီး ထွက်ခွာသွားခဲ့ရတာ ဖြစ်တယ်။ လက်ရွေးစင်မှာ ဆက်ကစားရေး မရေမရာ ဖြစ်နေနိုင်ပေမယ့် ဆာလာဟာ အီဂျစ်ရော လီဗာပူးအတွက်ပါ သူရဲကောင်းတစ်ဦး ဖြစ်နေဆဲဖြစ်ပါတယ်။