စတာလင်ဖြစ်ရပ်နဲ့ နှိုင်းယှဉ်ပြီး ဆောက်ဂိတ်က ဂျပိုးကို လိပ်ဖြစ်အောင် လုပ်နေသူလို့ ရွိုင်ကိန်း စွပ်စွဲ

ဝင်ဘာလေမှာ ဟယ်ရီ မက်ဂွိုင်းယားကို အင်္ဂလန်ပရိသတ်တွေ လှောင်ပြောင်ခဲ့ကြတဲ့နောက် မန်ချက်စတာ ယူနိုက်တက် ကြယ်ပွင့်အပေါ် အသေအကျေ ခုခံကာကွယ်ပေးနေတဲ့ အင်္ဂလန်နည်းပြ ဂါရတ်ဆောက်ဂိတ်ကို ရွိုင်ကိန်းက ဝေဖန်ခဲ့ပါတယ်။

ကလပ်မှာ ခက်ခဲတဲ့ရာသီကို ရင်ဆိုင်ခဲ့ရတဲ့ မက်ဂွဲရားဟာ အိုင်ဗရီကို့စ်ကို ၃-၀ နဲ့ အနိုင်ရတဲ့ပွဲအတွင်း အင်္ဂလန်အတွက် အားကိုးရတဲ့ ခြေစွမ်းတွေ ပြသခဲ့တာပါ။ ဒါပေမယ့် ပွဲမစခင်မှာ ပရိသတ်အချို့က ယူနိုက်တက် ခံစစ်မှူးကို လှောင်ပြောင်ခဲ့ကြတာကြောင့် အဲ့ဒီ့ လှောင်ပြောင်မှုတွေက လုံးဝ အဓိပ္ပါယ်မရှိတာပဲလို့ ဆောက်ဂိတ်က မှတ်ချက်ပေးခဲ့ပါတယ်။

ဒါပေမယ့် ဒီရာသီမှာ မက်ဂွိုင်းယားကို အဝေဖန်ဆုံးသူတစ်ယောက် ဖြစ်ခဲ့တဲ့ ရွိုင်ကိန်းကတော့ ဆောက်ဂိတ်ရဲ့ တုံ့ပြန်ချက်ကို တုန့်ပြန် မှတ်ချက်ပေးခဲ့ပြီး အင်္ဂလန်နည်းပြက သူလိုရင်တမျိုး၊ မလိုရင်တမျိုးဆိုကာ ဂိုးမက်စ်၊ စတာလင် ဖြစ်ရပ်နဲ့ နှိုင်းယှဉ် ထောက်ပြခဲ့ပါတယ်။

“ ဂါရတ်က ဂျပိုးကို လိပ်ဖြစ်အောင် လုပ်ခဲ့တာပဲလို့ ကျွန်တော်ထင်တယ်။ ကစားသမားတိုင်း လှောင်ပြောင်ခံရတာပဲ။ ဘောလုံးပွဲတွေမှာ လူအ လူန တွေက ရှိနေမှာပဲ။ အင်္ဂလန် ပရိသတ်တွေထဲမှာလည်း အပေအတေတွေ အများကြီးရှိတယ်။ သူတို့တွေက ဟယ်ရီ မက်ဂွိုင်းယားကို လှောင်ပြောင်ကြရင် ဂါရတ်အနေနဲ့ ဒါက ဘာမှမဟုတ်သလို လွယ်လွယ်လေး ထားလိုက်လို့ ရရပါတယ်။

မက်ဂွဲရားက တကယ် ကောင်းကောင်းကစားခဲ့တာပဲ။ အဲ့အပေါ်မှာပဲ အာရုံစိုက်ထားဖို့ လိုတာပါ။ ဂါရတ်က ငယ်တဲ့အမှုကို ပိုကြီးအောင် လုပ်လိုက်တာပါ။ သူက သူ့ကစားသမားတွေကို ထောက်ခံကာကွယ်ပေးတဲ့ နေရာမှာ လူရွေးပြီး ခွဲခြားဆက်ဆံတတ်တယ်။

ရာဟင်းစတာလင်လည်း လွန်ခဲ့တဲ့ နှစ်နှစ်၊ သုံးနှစ်လောက်က အချင်းများခဲ့ဖူးပါတယ်။ သူ အသင်းကနေ ထုတ်ခံလိုက်ရတယ်။ တခြားကစားသမားတွေက သူ့ကို ချန်ထားလိုက်ကြတယ်။ ၂၀၂၀ အောက်တိုဘာတုန်းက ဒိန်းမတ်နဲ့ပွဲမှာ ဟယ်ရီ ထုတ်ခံခဲ့ရတဲ့ အချိန်ကို ကျွန်တော် မှတ်မိသေးတယ်။ သူက ကွင်းထဲကနေ ထွက်သွားတဲ့အချိန်မှာ သူ့ကို အားမပေးခဲ့ပါဘူး။

ဒါကြောင့် ဂါရတ်က အမှုပိုကြီးအောင် လုပ်ခဲ့တာလို့ ကျွန်တော်ထင်တာပဲ။ ပွဲထဲမှာပဲ အာရုံစိုက်လိုက်ပါ။ သူ ကောင်းကောင်းကစားခဲ့တယ်။ ဒီလိုခြေစွမ်းတွေနဲ့ဆိုရင် ပရိသတ်တွေရဲ့ အချစ်ကို ပြန်ရမှာပဲ။

ဆောက်ဂိတ်လိုလူက လှောင်ပြောင်မှု အနည်းငယ်ကို လိုက်ပြီး ပြန်ပြောနေစရာ မလိုပါဘူး။ အဲ့အကြောင်း မေ့ထားလိုက်ပါ။ ပွဲထဲမှာပဲ အာရုံစိုက်တတ်တဲ့ ရင့်ကျက်တဲ့လူဖြစ်လာဖို့ ကြိုးစားလိုက်ဦး။ တကယ်တမ်းဆို ဟယ်ရီ ကောင်းကောင်းကစားခဲ့တာက အရေးအကြီးဆုံး အရာပဲ ” လို့ ရွိုင်ကိန်းက ဆိုခဲ့တာ ဖြစ်ပါတယ်။