ဆီနီဂေါပွဲမှ ဖြစ်ရပ်တွေအတွက် ဖီဖာကို တိုင်စာ ပို့ပြီဖြစ်တဲ့ အီဂျစ် ဘောလုံးအဖွဲ့ချုပ်

အီဂျစ်အသင်းက ဆီနီဂေါကို ရှုံးနိမ့်ခဲ့တဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲအတွင်း အီဂျစ်ကစားသမားတွေဟာ လေဆာမီးတန်းတွေနဲ့ ထိုးခံခဲ့ရပြီး လူမျိုးရေးခွဲခြားတဲ့ ဆိုင်းဘုတ်တွေ ပြခံခဲ့ရတဲ့နောက် အဆိုပါပွဲစဉ်ကို အီဂျစ်ဘောလုံးအဖွဲ့ချုပ်က တရားဝင် စောဒက တက်ခဲ့ပါတယ်။

အာဖရိက နေးရှင်းဖလား ဒုတိယဆုရှင် အီဂျစ်အသင်းဟာ ဒါကာမှာ ဆီနီဂေါကို ပင်နယ်တီနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာပါ။ ပွဲကစားနေစဉ်နဲ့ ပင်နယ်တီ အဆုံးအဖြတ် ကန်သွင်းမှုအတွင်း အီဂျစ်ကစားသမားတွေဟာ လေဆာနဲ့ အထိုးခံခဲ့ရသလို သူတို့ကစားသမား သုံးယောက်ဟာ ပင်နယ်တီကို အောင်မြင်အောင် မကန်သွင်းနိုင်ခဲ့ကြပါဘူး။

အဲ့ဒီ့ထဲမှာ မိုဆာလာလည်း ပါဝင်ခဲ့ပြီး တိုက်စစ်မှူးရဲ့ ကန်ချက်ဟာ ဂိုးဘားတန်းရဲ့အပေါ်ကို မြောက်တက်သွားခဲ့တာပါ။ အဲ့ဒီ့နောက် လီဗာပူးကြယ်ပွင့်က ကင်းထဲကနေ ထွက်ခွာစဉ် သူ့ကို အိမ်ကွင်းပရိသတ်တွေက အရာဝတ္ထုတွေနဲ့ ပစ်ပေါက်ခဲ့ကြသလို သူဟာ ဆီနီဂေါ အမျိုးသားကွင်းမှာ ဘော်ဒီဂတ်တွေနဲ့ခြံရံပြီး ဥမင်ထဲ ဝင်ခဲ့ရတာ ဖြစ်ပါတယ်။

ဒီပွဲမှာ ပထမဆုံး ပင်နယ်တီလေးကြိမ်လုံး လွဲချော်ခဲ့ပြီးနောက် အာဖရိက နေးရှင်းဖလား ဖိုင်နယ်တုန်းကလိုမျိုး ဆာဒီယို မာနေးက အဆုံးအဖြတ် ပင်နယ်တီကို အောင်မြင်စွာ ကန်သွင်းယူခဲ့တာပါ။

“ အီဂျစ်ဘောလုံးအဖွဲ့ဟာ ဆီနီဂေါပွဲနဲ့ ပတ်သက်လို့ ပွဲလေ့လာသူ၊ လုံခြုံရေးအဖွဲ့၊ CAF နဲ့ ဖီဖာတို့ထံ တရားဝင် စောဒက တက်ခဲ့ပါတယ်။ ကျွန်တော်တို့ ကစားသမားတွေ၊ အထူးသဖြင့် ဆာလာကို ရည်ရွယ်တဲ့ ပွဲကြည့်စင်ပေါ်က စော်ကားတဲ့ ဆိုင်းဘုတ်တွေ ပေါ်ထွက်လာတဲ့နောက် အီဂျစ်အသင်းဟာ လူမျိူးရေး ခွဲခြားခံခဲ့ရပါတယ်။

ဒါ့အပြင် ဆီနီဂေါ ပရိသတ်တွေဟာ သွေးပူလေ့ကျင့်ခန်း လုပ်နေစဉ်အတွင်း အီဂျစ်ကစားသမားတွေကို ပုလင်းတွေ၊ ကျောက်ခဲတွေနဲ့ ပစ်ပေါက်ပြီး အကြမ်းဖက်ခဲ့တယ်။ အီဂျစ်အသင်းရဲ့ ဘတ်စ်ကားကိုလည်း တိုက်ခိုက်ခဲ့လို့ မှန်တွေ ကွဲအက်ခဲ့ပြီး ဒဏ်ရာတွေ ရကုန်တယ်။ ဒီအတွက် ပုံနဲ့ ဗီဒီယိုတွေကိုပါ သက်သေအဖြစ် တွဲပြီး ပို့ခဲ့ပါတယ်”လို့ ပွဲအပြီးမှာ အီဂျစ်ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ခဲ့ပါတယ်။

ဆီနီဂေါ၊ CAF နဲ့ FIFA တို့ဟာ အီဂျစ်ရဲ့ စောဒကနဲ့ ပတ်သက်ပြီး မတုံ့ပြန်သေးပါဘူး။ ဆီနီဂေါဟာ သူတို့ရဲ့ နှစ်နှစ်ဆက် ကမ္ဘာ့ဖလား၊ အသင်းသမိုင်းမှာ သုံးကြိမ်မြောက် ကမ္ဘာ့ဖလားဝင်ခွင့် ရခဲ့ပြီးတော့ အီဂျစ်ကတော့ နောက်ဆုံး ကမ္ဘာ့ဖလား ၈ ကြိမ်မှာ တစ်ကြိမ်သာ ကစားခွင့်ရခဲ့တာ ဖြစ်ပါတယ်။

ပွဲရဲ့ ဟီးရိုးဖြစ်ခဲ့သူ မာနေးက “ ကာတာရေ၊ ငါ့ရဲ့ ခြင်္သေ့တွေနဲ့အတူ ငါလာနေပြီ။ မကြာခင် တွေ့ကြမယ်” လို့ အင်စတာဂရမ်မှာ ရေးသားခဲ့ပါတယ်။ မာနေးဟာ ရုရှားကမ္ဘာ့ဖလားအတွင်း ဆီနီဂေါရဲ့ ၃ ပွဲစလုံးမှာ ပွဲထွက်ခဲ့ပြီး ဂျပန်နဲ့ပွဲမှာ ဂိုးသွင်းယူခဲ့ပါတယ်။ သူတို့ဟာ အဲ့ဒီ့ပြိုင်ပွဲမှာ အုပ်စုအဆင့်ကနေပဲ လှည့်ပြန်ခဲ့ရတာပါ။

အာဖရိကက ဆီနီဂေါ၊ ကင်မရွန်း၊ ဂါနာ၊ မိုရိုကိုနဲ့ တူနီးရှားတို့ ငါးသင်းသာ ကာတာ ကမ္ဘာ့ဖလားမှာ ဝင်ခွင့်ရခဲ့ပြီး ဖီဖာဟာ ဥရောပဇုန်ကို ၁၃ သင်း ဝင်ခွင့်ပေးပေမယ့် အာဖရိကဇုန်ကို ၅ နေရာသာ သတ်မှတ်ပေးခဲ့တာ ဖြစ်ပါတယ်။