မက်ဂွဲရားကို လှောင်ပြောင် ဝေဖန်ကြတဲ့ အင်္ဂလန်ပရိသတ်တွေအား ဆောက်ဂိတ် ပြစ်တင်

ဂါရတ် ဆောက်ဂိတ်က ဝင်ဘာလေမှာ ကစားပြီး အိုင်ဗရီကိုစ့်ကို ၃-၀ နဲ့ အနိုင်ရတဲ့ပွဲမှာ မက်ဂွဲရားကို လှောင်ပြောင်ကြတဲ့ ပရိသတ်တွေကို ပြစ်တင်လိုက်ပါတယ်။

ပွဲကြိုမှာပဲ မက်ဂွဲရား နာမည်ကို ကြေညာစဉ် အင်္ဂလန်ပရိသတ်တွေက ယူနိုက်တက် ခံစစ်မှူးကို လှောင်ပြောခဲ့ကြတာပါ။ လက်ရွေးစင် အသင်းဖော် ဟန်ဒါဆန်က မက်ဂွဲရားကို အားပေးထောက်ခံမှုကို သူ့ရဲ့ လူမှုကွန်ယက်ကနေ လုပ်သွားခဲ့သလို ပွဲအပြီးမှာတော့ မန်နေဂျာ ဆောက်ဂိတ်ကပါ အင်္ဂလန်ပရိသတ်တွေရဲ့ အပြုအမှုကို တိုက်ရိုက် ပြစ်တင်ခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက်မှာ ပြသနေတဲ့ စွမ်းဆောင်ရည်တွေကြောင့် မက်ဂွဲရားအပေါ် အထင်ကြီးမှုတွေ လျော့နည်းနေကာ နိုင်ငံအဆင့်မှာတော့ အခုလို ပြင်းထန်တဲ့ တုန့်ပြန်မှုတွေ ပိုင်ဆိုင်သွားခဲ့တာ ဖြစ်ပါတယ်။

ဆောက်ဂိတ်က ‘ အသင်းသားတွေကို ကြိုဆိုတဲ့ အမူအယာတွေက တကယ့် ဟာသပဲလို့ တွေးမိခဲ့တယ်။ ကျနော်တို့ အင်္ဂလန်အသင်းအတွက် မက်ဂွဲရားရဲ့ စွမ်းဆောင်ပုံက အရမ်းကို ကောင်းပါတယ်။ ကျနော် နားမလည်နိုင်ပါဘူး။ ကျနော်တို့ အားလုံးက အတူတကွ တစ်သားတည်း ရှိနေသလား မရှိနေသလားဆိုတာ အပြုအမူတွေကလည်း ဆုံးဖြတ်ပါတယ်။

သူက အင်္ဂလန်ဂျာစီကို ဝတ်ဆင်ကစားနေတာပါ။ အင်္ဂလန်အသင်းသား တစ်ယောက်ဖြစ်နေလို့ကို အားပေးသင့်တာတင် မဟုတ်ဘဲ ကျနော်တို့အတွက် ဒီလို အဆင့်မှာ သူကစားပြခဲ့တာအတွက်ပါ သူ့ကို အားပေးထောက်ခံမှုတွေ လုပ်သင့်တာ ဖြစ်ပါတယ်။ အခုလို ပြုမှုကြတာကို နားမလည်နိုင်အောင်ပါပဲ။

သူ့ရဲ့ စွမ်းဆောင်ရည်က အမှားအယွင်းတွေ မရှိပါဘူး။ ခံစစ်မှာ သူအကောင်းဆုံး စွမ်းဆောင်ပြနေတယ်။ အသင်းကလည်း စုစည်းမှု သိပ်ကောင်းပါတယ်။ လူတိုင်းက ခက်ခဲတဲ့ အခိုက်အတန့်တွေ ရှိတယ်ဆိုပေမယ့် မက်ဂွဲရားက ထိပ်တန်းကစားသမားပါ၊ ဒီအခြေအနေကို သူ ကျော်ဖြတ်နိုင်မှာပါ။

ကွင်းထဲက ပရိသတ်တွေက အင်္ဂလန်ပရိသတ် စစ်စစ်တွေပါ။ အချို့တွေက လူမှုကွန်ယက်ရဲ့ လွှမ်းမိုးမှုတွေ ခံထားရတယ်။ ကလပ် အခြေအနေတွေကလည်း ခက်ခဲစေပေပမယ့် မက်ဂွဲရားက အင်္ဂလန်ဂျာစီကို ဝတ်ဆင်ထားတာပါ။

ဆယ်စုနှစ်လောက်မှာ ကစားသမား အနည်းငယ်က အင်္ဂလန်ဂျာစီကို ဝတ်ဆင်ခြင်းအတွက် ပရိသတ်တွေ လှောင်ပြောင်တာ ခံရတာ ရှိပေမယ့် အဲ့လို အမူအကျင့်တွေကို ကျနော် လက်မခံပါဘူး။ ပရိသတ်ဆိုတာ ကိုယ်အသင်းနောက်မှာ အမြဲတမ်း အားပေး ထောက်ပံ့မှု လုပ်ပေးသင့်ပါတယ် ’ လို့ ပြောဆိုသွားတာ ဖြစ်ပါတယ်။

၂၀၁၈ ကမ္ဘာဖလားမှာ အင်္ဂလန်အတွက် အရေးပါခဲ့သလို ၂၀၂၀ ယူရိုပြိုင်ပွဲမှာ အင်္ဂလန်ရဲ့ အဓိက ခံစစ်မှူးဖြစ်ခဲ့တဲ့ မက်ဂွဲရားဟာ လာမယ့် ၂၀၂၂ ကမ္ဘာဖလားမှာ ပွဲထွက်ခွင့်အတွက် တိုက်ပွဲဝင်ရမှာ ဖြစ်ပါတယ်။