ငရဲကနေ ထွက်ပြေးကြသလိုမျိုး ပွက်ပွက်ဆူတဲ့ ဆူညံသံကို တောင်းဆိုလိုက်တဲ့ ရော်နယ်ဒို

ပေါ်တူဂီရဲ့ သေမြေကြီး၊ ရှင်ရွှေထီး ကမ္ဘာ့ဖလား ပလေးအော့ဖ် မတိုင်ခင် ခရစ္စတီယာနို ရော်နယ်ဒိုဟာ ပြင်းထန်တဲ့ မက်ဆေ့တစ်ခု ပေးပို့ခဲ့ပြီး သူ့အနေနဲ့ ကွင်းတစ်ခုလုံး ‘ငရဲကနေ ထွက်ပြေးသလိုမျိုး အုန်းအုန်းကျွက်ကျွက် အခြေအနေကို’ လိုချင်ကြောင်း တိုက်တွန်းခဲ့ပါတယ်။

ပေါ်တူဂီဟာ ကာတာ ၂၀၂၂ ကမ္ဘာ့ဖလားဝင်ခွင့်တစ်နေရာ ရရှိဖို့ တစ်ပွဲသာ လိုအပ်တော့ပြီး ပလေးအော့ဖ် ဖိုင်နယ်မှာ မြောက်မက်ဆီဒိုးနီးယားနဲ့ တိုက်ပွဲဝင်ရမှာ ဖြစ်ပါတယ်။ ပေါ်တူဂီဟာ သူတို့ရဲ့ ပလေးအော့ဖ် ဆီမီးဖိုင်နယ်မှာ တူရကီကို ၃-၁ နဲ့ အနိုင်ရခဲ့တာဖြစ်ပြီး ပြိုင်ဘက် မြောက်မက်ဆီဒိုးနီးယားကတော့ နိုင်ငံတကာ ဘောလုံးသမိုင်းမှာ အကြီးမားဆုံး အံ့အားသင့်စရာ အဖြစ် အီတလီကို ၁-၀ နဲ့ ကျော်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ရော်နယ်ဒိုကတော့ သူ့နိုင်ငံဟာ လက်ရှိ ဥရောပ ချန်ပီယံတွေလိုမျိုး အလားတူ ကံကြမ္မာကို ရင်ဆိုင်ရမှာ မဟုတ်ဘူးလို့ ယုံကြည်မှု ရှိနေပါတယ်။ ကစားသမားဘဝအတွင်း ပေါ်တူဂီအတွက် စံချိန်တင် ၁၁၅ ဂိုး သွင်းယူခဲ့တဲ့ ယူနိုက်တက် တိုက်စစ်မှူးဟာ ဒီနေ့ည ဖိုင်နယ်မှာ ပရိတ်သတ်တွေဆီကနေ ဆူညံသံတွေနဲ့ စိတ်အားထက်သန်မှုတွေကို တောင်းဆိုခဲ့ပါတယ်။

ရော်နယ်ဒိုက “ ပရိသတ်တွေကို တိုက်တွန်းချင်ပါတယ်။ ကျွန်တော် ဒရာဂါအိုကွင်းမှာ ငရဲကနေ ထွက်ပြေးသလိုမျိုး ဆူညံပွက်လောရိုက်နေတာမျိုးကို လိုချင်တယ်။

ကမ္ဘာ့ဖလားကို ရောက်ရှိဖို့ ရည်မှန်းချက်အတွက် ကျွန်တော်တို့ရဲ့ စိတ်အားထက်သန်မှု၊ အင်အား၊ စည်းလုံးမှုကို ပြသဖို့အတွက် ကွင်းထဲမှာ ကျွန်တော်တို့ နိုင်ငံတော် သီချင်းဆိုတဲ့အခါ တီလုံးသံကို ပိတ်ပြီး ပရိသတ်တွေကို ဒီအတိုင်း လိုက်ဆိုခိုင်းရင် ကောင်းမယ်လို့ ကျွန်တော် မနေ့ညက စဉ်းစားမိခဲ့ပါတယ် ” လို့ ဆိုပါတယ်။

ဒီပွဲရဲ့ အရေးပါမှုနဲ့ ပတ်သက်ပြီးတော့လည်း ပေါ်တူဂီ အသင်းခေါင်းဆောင်က
“ ကျွန်တော်တို့အတွက် ဒီပွဲက သေမြေကြီး၊ ရှင်ရွှေထီးပါပဲ။ ဒီပွဲကို အနိုင်ရဖို့ တာဝန်ရှိတယ်။ ဒါက ကျွန်တော်တို့ ဘဝတွေနဲ့ဆိုင်တဲ့ ပွဲတစ်ပွဲပါပဲ။ မက်ဆီဒိုးနီးယားဟာ ပွဲများစွာမှာ ပြိုင်ဘက်တွေကို အံ့အားသင့်အောင် လုပ်ခဲ့ပေမယ့် ကျွန်တော်တို့ကိုတော့ အဲ့လိုလုပ်နိုင်မှာ မဟုတ်ဘူးလို့ ယုံကြည်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

မြောက်မက်ဆီဒိုးနီးယားဟာ ကမ္ဘာ့ဖလားကို ရောက်ရှိဖို့ ရေပန်းမစားတဲ့ အောက်အသင်း ဖြစ်ပေမယ့် သူတို့ကို လျှော့တွက်ထားလို့ မရဘူးလို့ နည်းပြဆန်းတို့စ်က ပေါ်တူဂီအသင်းကို သတိပေးခဲ့ပါတယ်။

“ မြောက်မက်ဆီဒိုးနီးယားက ပိုအားနည်းတယ်လို့ ထင်ရင် ကျွန်တော်တို့ မှားနေပြီပဲ။ အဲ့လိုတွေးလိုက်ရင် အဆိုးရွားဆုံး ရလဒ်နဲ့ ကြုံရနိုင်ပါတယ်။ ကျွန်တော်တို့မှာ အီတလီကို ရင်ဆိုင်ခဲ့ရရင် ဖြစ်ပေါ်နေမယ့် ခံစားချက်တိုင်း မြောက်မက်ဆီဒိုးနီးယားကို ရင်ဆိုင်ဖို့ လိုပါတယ် ” လို့ ဆန်းတို့စ်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။