ဥရောပ အပယ်ခံဖြစ်လာလို့ အာရှကို ပြောင်းလာဖို့ ဆွေးနွေးနေတဲ့ ရုရှား ဘောလုံးအဖွဲ့ချုပ်

ရုရှားဘောလုံးအဖွဲ့ချုပ်ဟာ သူတို့နိုင်ငံက ယူကရိန်းနိုင်ငံကို ကျူးကျော်မှုကြောင့် ကလပ်နဲ့ နိုင်ငံအသင်းတွေကို ဥရောပကနေ ပိတ်ပင်ခံခဲ့ရတဲ့နောက် UEFA ကို စွန့်ခွာပြီး အာရှဘောလုံးအဖွဲ့ချုပ်နဲ့ ပူးပေါင်းဖို့ စဉ်းစားနေပါတယ်။

UEFA နဲ့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် FIFA တို့ဟာ ရုရှားသမ္မတ ဗလာဒီမာ ပူတင်ရဲ့ ကြမ်းကြုတ်တဲ့ စစ်ပွဲစတင်မှုအပြီး ဖေဖော်ဝါရီနှောင်းပိုင်းမှာ သူတို့ပြိုင်ပွဲတွေကနေ ရုရှားအသင်းတွေကို ဖယ်ရှားခဲ့တာ ဖြစ်ပါတယ်။ ရုရှားပရီးမီးယားလိဂ်က အသင်းတွေဟာ ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်နဲ့ ယူရိုပါ ကွန်းဖရန့်စ်လိဂ်တွေ ကစားနိုင်တော့မှာ မဟုတ်ဘဲ စပါးတပ် မော်စကိုဟာလည်း ယူရိုပါလိဂ် ၁၆ သင်းအဆင့်ကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။

အမျိုးသား လက်ရွေးစင်အသင်းဟာ ဒီနှစ်ရဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ ဝင်ခွင့်ကနေ ဖယ်ရှားခံလိုက်ရတာကြောင့် ပိုလန်ဟာ ပလေးအော့ဖ် ဖိုင်နယ်ကို တိုက်ရိုက်တက်သွားခဲ့ပြီး အမျိုးသမီး လက်ရွေးစင်အသင်းကတော့ ဒီနွေရာသီ ယူရိုပြိုင်ပွဲကနေ ထုတ်ပယ်ခံရနိုင်ဖွယ် ရှိပါတယ်။

ဒါပေမယ့် ရုရှားဘောလုံးအဖွဲ့ဟာ UEFA ကနေ AFC ကို ပြောင်းရွှေ့ဖို့ စဉ်းစားနိုင်ကြောင်း ရုရှားသတင်းတွေက ဖော်ပြနေပြီး ဒီစိတ်ကူးရဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေကို ဆွေးနွေးဖို့ နာမည်ကျော်တွေကို မေးမြန်းထားတယ်လို့ သိရပါတယ်။ ဒါသာ တကယ်ဖြစ်မြောက်ခဲ့ရင် ရုရှားဟာ ကမ္ဘာ့ဖလားအတွက် အာရှ ခြေစစ်ပွဲကို ပြောင်းရွှေ့ပြီး ယူရိုပြိုင်ပွဲ မဟုတ်ဘဲ အာရှဖလားမှာ ပြိုင်ပွဲဝင်ရတော့မှာ ဖြစ်ပါတယ်။

ကလပ်တွေဟာလဲ ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်အစား အာရှချန်ပီယံလိဂ်နဲ့ AFC ဖလားတို့မှာ ဝင်ရောက်ယှဉ်ပြိုင်ရပါလိမ့်မယ်။ ဒါပေမယ့် ဒီအပြောင်းအရွှေ့ကို တခြားသော အာရှ အဖွဲ့ချုပ်တွေကပါ သဘောတူညီမှု ရဖို့ လိုပါလိမ့်မယ်။

၁၉၅၄ ကနေ ၁၉၇၄ ကြား အာရှကနေ အစ္စရေး ဖယ်ရှားမှုလိုမျိုး နိုင်ငံတွေရဲ့ ဘောလုံးအဖွဲ့ချုပ် ပြောင်းလဲမှု သာဓကတွေ ရှိဖူးပါတယ်။ အစ္စရေးဟာ အာရှဘောလုံးအဖွဲ့ချုပ်ကနေ ဖယ်ရှားခံခဲ့ရပြီးနောက် ၁၉၉၁ မှာ UEFA နဲ့ မပူးပေါင်းခင်အထိ ဘယ်အဖွဲ့ချုပ် လက်အောက်ကိုမှ ရောက်ရှိခဲ့ခြင်း မရှိပါဘူး။

ကာဇက်စတန်ဟာလည်း ၂၀၀၂ မှာ UEFA ကို မရောက်ခင် အာရှဘောလုံးအဖွဲ့ဝင် ဖြစ်ခဲ့ပြီး ဩစတေးလျဟာ ၂၀၀၅ မှာ သမုဒ္ဒရာပိုင်း ဘောလုံးအဖွဲ့ချုပ်ကနေ ထွက်ခွာပြီး အာရှဇုန်နဲ့ ပေါင်းခဲ့ပါတယ်။

ဆိုဗီယက် ယူနီယံနိုင်ငံကို ကိုယ်စားပြုခဲ့ဖူးသလို နောက်ပိုင်း ရုရှားလက်ရွေးစင်ဖြစ်ခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် တောင်ပံကစားသမားဟောင်း အန်ဒရေး ကန်ချယ်စကီးစ်က

“ အာရှဘောလုံးအဖွဲ့ချုပ်တဲ့လား။ ဒါက ဖြစ်နိုင်လို့လားဆိုတာတောင် ကျွန်တော် မသိပါဘူး။ ဒါက ပြောဆိုနေတဲ့ အဆင့်မှာပဲ ရှိနေတုန်းဆိုပေမယ့် UEFA ဆီကနေ ပြင်းထန်တဲ့ တားမြစ်ပိတ်ပင်မှုတွ ဖြစ်လာလိမ့်မယ်လို့ ကျွန်တော် မထင်ဘူး။ အရာအားလုံးက မတူညီတဲ့ အနေအထားတွေ ဖြစ်သွားလိမ့်မယ်လို့ ကျွန်တော်တို့အားလုံး မျှော်လင့်ပါတယ်။

ပုံမှန်ဆိုရင် အခြေအနေတွေက ဘယ်လိုဖြစ်ဖြစ် ရုရှားနိုင်ငံအသင်းနဲ့ ကလပ်တွေက ဒီအတိုင်း ဆက်ကစားခွင့် ရသင့်ပါတယ်။ ရုရှားဘက်ကလည်း အာရှဘောလုံးအဖွဲ့ချုပ်နဲ့ တကယ့် ရွေးချယ်စရာ တစ်ခု ရှိတယ်ဆိုရင် မလုပ်စရာ အကြောင်း မရှိပါဘူး။

ကျွန်တော် အာရှမှာ အလုပ်လုပ်ခဲ့ပြီး ဆော်ဒီအာရေးဘီးယားမှာ ကစားခဲ့တယ်။ ဒီလိုပွဲတွေကို ကြည့်ရတာ ကျွန်တော့်အတွက် စိတ်ဝင်စားစရာ ကောင်းမှာပါ ” လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။