ခုန်ပျံကျော်လွှား စနစ်ဖြင့် ချန်ပီယံလိဂ်ဝင်ခွင့် ပေးရေး အစီအစဉ်ကို ယူအီးအက်ဖ်အေ ပယ်ချ

ယူအီးအက်ဖ်အေက ဥရောပထိပ်သီးကလပ်တွေကို အခွင့်အရေး သာစေမယ့် ချန်ပီယံလိဂ်ဝင်ခွင့်ဆိုင်ရာ တောင်းဆိုမှုတစ်ခုကို ပယ်ချခဲ့တယ်လို့ The Times သတင်းဌာနက ဖော်ပြလာခဲ့ပါပြီ။

၂၀၂၄-၂၀၂၅ ဘောလုံးရာသီကစလို့ ပြောင်းလဲ ကျင့်သုံးတော့မယ့် ချန်ပီယံလိဂ် ပြိုင်ပွဲ ပုံစံသစ်မှာ ကလပ် ၃၂ သင်းအစား ၃၆ သင်းထိ တိုးမြင့် ပါဝင်ခွင့်ပေးမှာပါ။ ဥရောပထိပ်သီးတွေဘက်က စနစ်သစ်မှာ UEFA coefficient မှာ ရမှတ်မြင့်တဲ့ ကလပ်နှစ်သင်းကို ထပ်တိုးပါဝင်ခွင့်ပေးရေး တောင်းဆိုဖို့ စီစဉ်နေခဲ့တာဖြစ်တယ်။

ဥရောပကလပ် အဖွဲ့အစည်း (ECA) အတွင်းက ကလပ်တွေဟာ ချန်ပီယံလိဂ်ပြိုင်ပွဲ စနစ်သစ်မှာ ပြည်တွင်းလိဂ်တွေရဲ့ အဆင့် ရပ်တည်မှုကို မကြည့်ဘဲ ဥရောပအဆင့်မြင့်ဆုံး ပြိုင်ပွဲအတွင်း ကလပ်တွေရဲ့ စွမ်းဆောင်ရည်ဖြစ်တဲ့ UEFA coefficient ကို အခြေခံပြီး ကလပ် နှစ်သင်းကို ဝင်ခွင့်ပေးရေးကို တောင်းဆိုလိုပါတယ်။

ဒီစနစ်အရ သက်ဆိုင်ရာ အမှတ်ပေးလိဂ်တွေမှာ အဆင့် ၄ ပြင်ပ ရောက်ခဲ့လို့ အဆင့် ၆ နေရာမှာ ရပ်တည်တယ်ဆိုရင်တောင် UEFA coefficient အရ ပြည်တွင်းက အဆင့် ၅ ကိုပါ ကျော်ပြီး နောက်ရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်နိုင်မှာမျိုး ဖြစ်ပါတယ်။

ဥပမာအားဖြင့် လက်ရှိ အမှတ်ပေးဇယား အဆင့် ၆ နေရာက ယူနိုက်တက်ဟာ အဆင့် ၅ နေရာက စပါးထက် UEFA coefficient ပိုမြင့်တာကြောင့် နောက်ရာသီမှာ ဥရောပဝင်ခွင့်ပေးရမယ့် အနေအထားမျိုးလို့ The Times ကပဲ ဥပမာပေးခဲ့ပါတယ်။ ဒါပေမယ့် အဆိုပါ စနစ်ဟာ ၂၀၂၄-၂၀၂၅ ဘောလုံးရာသီမှ စတင်မှာဖြစ်လို့ များစွာ ဆွေးနွေးကြဦးမှာဖြစ်ပါတယ်။

ECA ကလပ်တွေရဲ့ အဆိုပါ တောင်းဆိုမှုဟာ အဆင့်တွေကို ခုန်ပျံကျော်လွှားပြီး တောင်းဆိုခြင်းဖြစ်လို့ မမျှတဘူးလို့ ယူအီးအက်ဖ်အေက ဆုံးဖြတ်ခဲ့တယ်။ ဒါကြောင့် အဆိုပါ တောင်းဆိုမှုကို ဆွေးနွေးသွားမှာ မဟုတ်ပါဘူး။

ဒါပေမယ့်လို့ ယူအီးအက်ဖ်အေ တာဝန်ရှိသူတွေက သူတို့ကိုယ်ပိုင် အဆင့်တွက်ချက်မှု တစ်ခုနဲ့အတူ ကလပ်တွေအတွက် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပါဝင်ခွင့် နေရာကို ဖန်တီးပေးဖို့ စဉ်းစားနေဆဲဖြစ်တယ်လို့ အဆိုပါ သတင်းက ဖော်ပြခဲ့တယ်။

ချန်ပီယံလိဂ်ဝင်ခွင့်ဟာ ၄ နေရာတောင် ထပ်တိုးခဲ့တာဖြစ်လို့ အနည်းဆုံး နှစ်နေရာလောက်ကို ဥရောပ အသင်းကြီးတွေအတွက် အခွင့်အရေးရမယ့် စည်းမျဉ်းတစ်ခုခု ပေါ်ထွက်လာရေး တောင်းဆိုလိုနေတာဖြစ်တယ်။ ဒီအပတ် ယူအီးအက်ဖ်အေရဲ့ အထွေထွေညီလာခံမှာ ချန်ပီယံလိဂ် စနစ်သစ်အတွက် ဆွေးနွေးမှုတွေကို စတင်သွားမှာပဲ ဖြစ်ပါတယ်။