ယူကရိန်း ငြိမ်းချမ်းရေးအတွက် ဆွေးနွေးနေစဉ် အဆိပ်သင့်ခဲ့တဲ့ ချယ်ဆီးပိုင်ရှင် အေဘရာမိုဗစ်

ရိုမန် အေဘရာမိုဗစ်ဟာ ယူကရိန်း ငြိမ်းချမ်းရေး ညိနှိုင်းသူတွေနဲ့အတူ ဒီလထဲမှာပဲ အဆိပ်ခတ် လုပ်ကြံခံခဲ့ရပါတယ်။ အေဘရာမိုဗစ်တို့ဟာ ရုတ်တရတ် ဘာမှမမြင်ရတော့ဘူး ဖြစ်ခဲ့ပြီး အသားတွေ နီရဲသွားတဲ့ လက္ခဏာတွေ ပေါ်ခဲ့တယ်လို့ သိရပါတယ်။

ဒီမနက်မှာဘဲ အေဘရာမိုဗစ်ရဲ့ ကိုယ်စားလှယ်တွေဘက်က အဆိုပါကိစ္စကို အတည်ပြုခဲ့တာဖြစ်တယ်။ အဆိပ်ခတ်ခံရတဲ့ လက္ခဏာတွေ ပေါ်ပေါက်ခဲ့ကြောင်းကို သတင်းထုတ်ပြန်ပေးပေမယ့်လို့ အခြားသော အသေးစိတ်ကျတဲ့ ကိစ္စတွေကို သတင်းပေးခဲ့ခြင်း မရှိပါဘူး။

ချယ်ဆီးအသင်းပိုင်ရှင်ဟာ လွန်ခဲ့တဲ့ သီတင်းပတ်တွေက ယူကရိန်းထံ ရုရှား ကျူးကျော်မှုကို ငြိမ်းချမ်းရေး ဆွေးနွေးသူအဖြစ် ညိနှိုင်းမှု ဝင်လုပ်ပေးစဉ် အဆိပ်ခတ်ခံရတာဖြစ်ကြောင်း အမေရိကန်အခြေစိုက် the Wall Street Journal က သတင်းဖော်ပြခဲ့တာဖြစ်တယ်။

မတ်လ ၃ ရက်နေ့ ယူကရိန်းမြို့တော် ကိဗ်မှာ အစည်းအဝေး ပြုလုပ်စဉ် အခြားသော စီနီယာအဖွဲ့ဝင် နှစ်ဦးနဲ့ အေဘရာမိုဗစ်တို့ဟာ မျက်လုံးတွေ နီရဲလာခြင်း၊ မျက်လုံးနာခြင်းနဲ့ မျက်နာနဲ့ လက်အရေပြားတွေမှာ နီရဲလာခြင်း အစရှိတဲ့ အဆိပ်ခတ်ခံရခြင်းရဲ့ လက္ခဏာတွေ ပေါ်ပေါက်ခဲ့တာလို့ အဆိုပါ သတင်းစာက ဖော်ပြသွားခဲ့ပါတယ်။

လက်ရှိမှာတော့ ရိုမန် အေဘရာမိုဗစ်ရဲ့ ကျန်းမာရေးက စိုးရိမ်စရာ မရှိတော့ဘူးလို့ သိရပါတယ်။ သတင်းအချက်အလက်ကိုတော့ လုံခြုံစိတ်ချရမှု အနေအထားအရ အခုမှပဲ သတင်းထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ယူကရိန်းအရေးအတွက် ဗြိတိန်အစိုးရက ချယ်ဆီးအသင်းပိုင်ရှင် ရိုမန် အေဘရာမိုဗစ်ကို တစ်ဦးချင်း ပိတ်ပင်မှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။ ရုရှား ကျူးကျော်မှုအတွက် ပူတင်နဲ့ ဆက်နွယ်တဲ့ ရုရှားလုပ်ငန်းရှင် ၇ ဦးကို အရေးယူမှု လုပ်ခဲ့ခြင်းဖြစ်ကာ သူတို့ထဲက တစ်ဦးဖြစ်တဲ့ အေဘရာမိုဗစ်ရဲ့ ဗြိတိန်တွင်း ပိုင်ဆိုင်မှုတွေလည်း frozen လုပ်ခံခဲ့ရပါတယ်။

ချယ်ဆီးအသင်းပိုင်ရှင်ရဲ့ ဘောလုံးကလပ် အရောင်းအဝယ် လမ်းကြောင်းနဲ့ စီပွားရေးဆိုင်ရာ ကိစ္စအားလုံး အပါအဝင်၊ ခရီးသွားလာမှုတွေပါ ပိတ်ခံရခြင်းဖြစ်တယ်။ အဲ့ကြောင့်လည်း ချယ်ဆီးအသင်းဟာ ပိုင်ရှင်လွဲပြောင်းရဖို့တွေ ဖြစ်လာခဲ့ကာ လက်ရှိမှာ အဝယ်တော်တွေဖြင့် ဆွေးနွေးညိနှိုင်းနေပြီး နောက်လ မတိုင်ခင် အပြီးဖြတ်တော့မှာ ဖြစ်ပါတယ်။