အသက် ၅၇ နှစ်အရွယ် အီတလီသား နည်းပြကြီး မန်ချီနီက လက်ရွေးစင်အသင်း နည်းပြရာထူးကနေ နုတ်ထွက်မှာ မဟုတ်ကြောင်းနဲ့ နောက်ထပ် ကမ္ဘာဖလားတွေကို အနိုင်ရဖို့ အားထုတ်ဦးမှာဖြစ်ကြောင်း ထုတ်ပြောလာပါတယ်။
၂၀၂၂ ခုနှစ် ကမ္ဘာဖလားကို အုပ်စုအဆင့်ကနေ ပါဝင်ယှဉ်ပြိုင်ခွင့် ခြေစစ်ပွဲ မအောင်မြင်ခဲ့တဲ့ အီတလီဟာ လက်ရှိ နည်းပြ မန်ချီနီကို ဆက်ထားမှာဖြစ်ပါတယ်။ အီတလီအသင်းနဲ့ ယူရို ၂၀၂၀ အနိုင်ရခဲ့တဲ့ မန်ချီနီကတော့ ဒီတစ်ကြိမ် ကျရှုံးပေမယ့် လာမယ့် အကြိမ်တွေမှာ အီတလီနဲ့ အောင်မြင်မှု ပြန်ယူဖို့ စိတ်အားထက်သန်နေဆဲဖြစ်တယ်။
မန်ချီနီက ” အီတလီဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌနဲ့ ကျနော် စကားပြောခဲ့တယ်။ ကျနော်တို့က ကိစ္စအားလုံးအပေါ်မှာ တူညီတဲ့ အမြင်တွေ ရှိပါတယ်။ အနာဂတ်မှာ တိုးတက်လာဖို့အတွက် ဘာတွေလုပ်ဖို့ လိုအပ်မယ်ဆိုတာကို ကျနော်တို့တွေ တည်တည်ငြိမ်ငြိမ် စဉ်းစားသွားမှာပါ။
အီတလီအသင်း နည်းပြရာထူးမှာ ဆက်ရှိလိုတာက ကျနော်က ငယ်ပါသေးတယ်။ ယူရိုဖလားနဲ့ ကမ္ဘာဖလားတွေကို အနိုင်ရလိုပါသေးတယ်။ နောက်ပိုင်းမှာ ဒီဖလားတွေကို အနိုင်ရဖို့ ကျနော် အချိန်လိုအပ်တယ်။ ဒီအလုပ်ကို သဘောကျပါတယ်။ ဒီအသင်းသားတွေနဲ့အတူ ပျော်ရွှင်ရမယ့် အချိန်တွေ ရနိုင်ဆဲဆိုတာကို ကျနော် နားလည်ထားပါတယ် ” လို့ ဆိုခဲ့တာဖြစ်တယ်။
မန်ချီနီဟာ ၂၀၁၈ ခုနှစ်မှာ အီတလီအသင်းကို စတင် တာဝန်ယူခဲ့တာဖြစ်ပြီး စာချုပ်မှာတော့ နောက်ထပ် ၄ နှစ် ကျန်ရှိနေသေးတာပါ။ လက်တလောမှာ အီတလီက တူရကီ၊ ဂျာမနီ၊ ဟန်ဂေရီ၊ အင်္ဂလန်တို့နဲ့ နေးရှင်းလိဂ်ပွဲတွေ ကစားမှာဖြစ်ပြီး လူငယ်တွေနဲ့အတူ အနာဂတ်အတွက် ပြင်ဆင်သွားဖို့ စီစဉ်ထားတာဖြစ်ပါတယ်။
“ ကျနော်တို့မှာ ငယ်ရွယ်တဲ့ ကစားသမားတွေ ရှိနေတယ်။ သူတို့ရဲ့ ကလပ်တွေမှာ အခွင့်အရေးတွေ ပိုရလာဖို့ အီတလီအတွက် ကစားပေးနိုင်ကြဖို့ မျှော်လင့်ပါတယ်။ လူငယ်တွေရဲ့ အလားအလာကို စောင့်ကြည့်မှာပါ။ လက်ရှိ အသင်းမှာ လူငယ်တွေ အင်အားဖြည့်မှုနဲ့အတူ ကျနော်တို့ ကမ္ဘာဖလားကို အနိုင်ရနိုင်ပါတယ်။
ကိစ္စတွေ အများကြီးကို သေချာအောင် လုပ်ရမယ်၊ လာမယ့်ပွဲတွေမှာ အပြောင်းအလဲတွေ လုပ်ရပါမယ်။ လာမယ့် နှစ်နှစ်မှာ ယူရိုပြိုင်ပွဲကို ပါဝင်ဖို့ အာရုံစိုက်ရမှာဖြစ်ပြီး ခြေစစ်ပွဲအောင်ဖို့ ပြင်ဆင်ရမှာပါ။ ဒါက ကျနော် အလုပ်ပါပဲ ” လို့ မန်ချီနီက ဆက်လက် ပြောဆိုခဲ့တာဖြစ်ပါတယ်။