ချန်ပီယံလိဂ်မှာ အင်္ဂလန်ကလပ် ၅ သင်းထိ အမြဲတမ်း ပါဝင်ခွင့်ရမယ့် အခွင့်အရေး ထွက်ပေါ်လာ

၂၀၂၄-၂၀၂၅ ခုနှစ်မှာ စတင်မယ့် စနစ်သစ်နဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အမှတ်ပေးဇယား အဆင့်ရပ်တည်မှုကို ထည့်မတွက်ဘဲ သမိုင်းတစ်လျှောက် စွမ်းဆောင်ရည်နဲ့အတူ ကလပ် နှစ်သင်းကို ထပ်မံ ဝင်ခွင့်ပေးရေးအတွက် ဆွေးနွေးမှု ပြုလုပ်တော့မယ်အကြောင်း ဗြိတိန်သတင်းဌာန ဂါးဒီးယန်းက ဖော်ပြလာပါတယ်။။

ဥရောပကလပ် အဖွဲ့အစည်း (ECA) အတွင်းက ကလပ်တွေဟာ ချန်ပီယံလိဂ်ပြိုင်ပွဲ စနစ်သစ်မှာ ပြည်တွင်းလိဂ်တွေရဲ့ အဆင့် ရပ်တည်မှုကို မကြည့်ဘဲ ဥရောပအဆင့်မြင့်ဆုံး ပြိုင်ပွဲအတွင်း ကလပ်တွေရဲ့ စွမ်းဆောင်ရည်ကို အခြေခံပြီး ကလပ် နှစ်သင်းကို ဝင်ခွင့်ပေးရေးကို ဒီအပတ်မှာ ဆွေးနွေးကြမှာဖြစ်ပါတယ်။

ဥရောပစူပါလိဂ် ပြိုကွဲပြီး တစ်နှစ်အကြာ အခု ဆွေးနွေးမှုမှာတော့ စူပါလိဂ်ပုံစံမျိုး အထူးအခွင့်အရေး တစ်ရပ် ထည့်သွင်းဖို့ အကြံတွေ ထွက်လာတာပါ။ စူပါလိဂ်မှာတုန်းက တည်ထောင်သူ ၁၂ သင်းဟာ အမြဲတမ်းအဖွဲ့ဝင်ဆိုတဲ့ နေရာတွေကို ရယူပြီး ဖိတ်ခေါ်ကလပ်တွေနဲ့အတူ ချန်ပီယံလိဂ်ပုံစံ ပြိုင်ပွဲတစ်ရပ် ယှဉ်ပြိုင်ဖို့ ကြိုးစားခဲ့ကြတာဖြစ်တယ်။

ပရီးမီးယားလိဂ်ကလပ် ၁၀ သင်းထိ ပါဝင်ထားတဲ့ ECA အဖွဲ့ဝင် ကလပ်တွေဟာ ကုန်ခဲ့တဲ့ ၅ ရာသီအတွင်း ဥရောပပြိုင်ပွဲတွေမှာ ကလပ်တွေရဲ့ အဆင့်တွေကို တွက်ချက်တဲ့ UEFA coefficient ကို အခြေခံပြီး ကလပ် ၂ သင်းကို ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပါဝင်ခွင့်ပေးဖို့ ဆွေးနွေးလိုနေကြတယ်။ ဒီစနစ်အရ အဆိုပါ ၂ သင်းဟာ လိဂ်ရပ်တည်မှုမှာ ချန်ပီယံလိဂ်ဝင်ခွင့် နေရာတွေ မရခဲ့ရင်တောင် ပြိုင်ပွဲမှာ ပါဝင်ခွင့်ရမှာဖြစ်တယ်။

ဂါးဒီးယန်းကပဲ ဆက်လက် ဖော်ပြရာမှာ ၂၀၂၄ မှာ စတင်မယ့် ချန်ပီယံလိဂ် စနစ်သစ်ဟာ ၃၂ သင်းကနေ ၃၆ သင်းထိ တိုးမြင့်ဖို့ စီစဉ်ထားခဲ့ကာ ECA အဖွဲ့ဝင်တွေကြား ဆွေးနွေးမှု အောင်မြင်လို့ ယူအီးအက်ဖ်အေဘက်က တရားဝင် အတည်ပြုပေးမယ်ဆိုရင်တော့ ပရီးမီးယားလိဂ်က ကြီး ၆ ကြီးအတွက် ကြီးကြီးမားမား သက်ရောက်မှု ရှိမှာဖြစ်ပါတယ်။

ဒီကမ်းလှမ်းမှုကို ဥပမာပေးရရင် UEFA coefficient မှာ အဆင့် ၉ နေရာက ရှိနေတဲ့ ယူနိုက်တက်နဲ့ အဆင့် ၁၂ နေရာက ရှိနေတဲ့ ရိုးမားတို့ဟာ ဒီရာသီမှာ ပရီးမီးယားလိဂ်နဲ့ စီးရီးအေမှာ ထိပ်ဆုံး ၄ သင်း မဝင်ရင်တောင်မှပဲ ချန်ပီယံလိဂ်ဝင်ခွင့်ရမှာမျိုး ဖြစ်ပါတယ်။ ဒါပေမယ့်လို့ တစ်နိုင်ငံတည်းက ကလပ် ၅ သင်းပဲ အများဆုံး ပါဝင်ခွင့်ကိုတော့ ဖယ်ထုတ်ဖွယ် မရှိပါဘူး။

ပရီးမီးယားလိဂ် ကြီး ၆ ကြီးဟာ UEFA coefficient ရဲ့ ထိပ်ဆုံး ၁၅ သင်း စာရင်းမှာ အမြဲတမ်း နီးပါး ရှိနေကြတာဖြစ်ပြီး မန်စီးတီး၊ လီဗာပူး၊ ချယ်ဆီး၊ ယူနိုက်တက်၊ အာဆင်နယ်၊ စပါးတို့ကြားမှာ ကလပ်အားလုံးကတော့ ချန်ပီယံလိဂ်မှာ ပါဝင်ခွင့်ရဖို့ ခက်ခဲနေခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ အစီအစဉ်အတွက် ကလပ်ပြိုင်ပွဲဆိုင်ရာ ကော်မတီက ဆွေးနွေးမှုတွေ လုပ်နေခဲ့ပြီး ယူအီးအက်ဖ်အေနဲ့ ECA ကြား ဆွေးနွေးမှုတွေ ရှိမှာဖြစ်တယ်။ ဒီအပတ် ယူအီးအက်ဖ်အေရဲ့ အထွေထွေညီလာခံမှာ ချန်ပီယံလိဂ် စနစ်သစ် ဆွေးနွေးမှုတွေထဲလည်း ဥရောပ စွမ်းဆောင်ရည်ပေါ် မူတည်ပြီး ပါဝင်ခွင့်ပေးရေးကို ထည့်သွင်း ညိနှိုင်းကြမှာ ဖြစ်ပါတယ်။