Player Scout | ယူနိုက်တက် ပစ်မှတ် ကူလီဘလီဆိုတာ ဘယ်လောက်တော်တဲ့သူလဲ

[Zawgyi] နောက်ထပ် ဗဟိုခံစစ်တစ်ယောက် မန်ချက်စတာယူနိုက်တက်နဲ့ ချိတ်ဆက်ခဲ့ပါတယ်။ ဇန်နဝါရီမှာ မဟုတ်ခဲ့ရင်တောင် လာမယ့် နွေမှာတော့ ကမ်းလှမ်းမှုတွေ တရားဝင်ဖြစ်ဖို့ ပရိသတ်တွေ မျှော်လင့်နိုင်ပါတယ်။ ကူလီဘလီဟာ နာပိုလီရဲ့ အထင်ကြီးစရာ ခံစစ်ကြောင်းမှာ အဓိကကျတဲ့သူဖြစ်ပါတယ်။

၂၀၁၄ ထဲက နာပိုလီမှာ ရှိနေတာဖြစ်ပြီး ဘယ်လ်ဂျီယမ် ကလပ် KRC Genk ကနေ ပေါင် ၇-၈ သန်းလောက်နဲ့ စာချုပ်ချုပ်ဆိုခဲ့တာပါ။ အဲ့ဒီ့နောက်မှာတော့ အထင်ကြီးလောက်စရာ ပြည့်စုံတဲ့ ကျွမ်းကျင်မှုတွေနဲ့ ကမ္ဘာ့ထိပ်တန်း ခံစစ် အရည်အသွေး ရှိသူတွေထဲက တစ်ယောက်ဖြစ်လာခဲ့ပါတယ်။

အသက် ၂၇ နှစ်အရွယ် ဆီနီဂေါနိုင်ငံသားရဲ့ ပြောင်းရွှေ့ကြေးကို နာပိုလီက ပေါင်သန်း ၁၀၀ သတ်မှတ်ထားတယ် ဆိုပြီး သတင်းတွေထွက်နေပါတယ်။ ဒါပေမယ့် သူက တကယ်ပဲ အဲ့ဒီ့ပမာဏနဲ့ ထိုက်တန်ပါရဲ့လား?

ဒါကို ဆုံးဖြတ်ဖို့ သူ့ရဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်း၊ နည်းစနစ်ပိုင်း လက္ခဏာတွေအပေါ် အခြေခံပြီး အဓိက အချက်တွေကို သုံးသပ်ပြမှာ ဖြစ်ပါတယ်။

ကြံ့ခိုင်မှု

ပထမဆုံးအနေနဲ့ သူဟာ ဗဟိုခံစစ်သမားတစ်ယောက်ဆီမှာရှိရမယ့် ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုရှိပါတယ်။ သူ့အရပ်အမောင်းက ၆ ပေ ၁ လက်မ ရှိပြီး ဒါက နှစ်ယောက်ရင်ဆိုင်တွေ့ရမှာ ပြိုင်ဘက်တွေကို သူကချည်း အသာရစေပါတယ်။ အထင်ကြီးစရာ အရှိန်အဟုန်ကြောင့် မြန်နှုန်းမြင့် တိုက်စစ်သမားတွေနဲ့ ရင်ဆိုင်ရာမှာလဲ သူက အသာရပြန်ပါတယ်။ အင်အားကြီးတယ်၊ သန်မာတယ်၊ အဟန့်ကောင်းတယ် စတာတွေအပြင် မြန်လဲ မြန်ပါတယ်။

နောက်တစ်ခုက သူဟာ ဒဏ်ရာရလေ့ သိပ်မရှိတာပါ။ ၂၀၁၄ ကစလို့ သူဟာ နာပိုလီအတွက် ငါးပွဲသာ လွဲချော်ခဲ့ဖူးပါတယ်။ ဒီအချက်တွေဟာ ပွဲကိုစိုးမိုးပြီး ဦးဆောင်ကစားချင်တဲ့ အသင်းအတွက် အရမ်းကို လိုချင်စရာ ကောင်းပါတယ်။ ခံစစ်မှာ ကူလီဘလီရှိရင် လွတ်နေတဲ့နေရာ ပြသနာဆိုတာ မရှိပါဘူး။ ဒီတောင်းဆိုမှုတွေကို နည်းပြ ဆာရီလက်ထက်မှာတုန်းက သူ ကစားလေ့ရှိပါတယ်။

နည်းစနစ်

နည်းစနစ်ပိုင်းအရလဲ သူက သန်မာပါတယ်။ ဒီရာသီ မိနစ် ၉၀ တိုင်းမှာ ပျမ်းမျှ ပေးပို့မှု ၆၇ ကြိမ် ပြုလုပ်ထားပြီး ဒါက သူဟာ အသင်းလိုက်ကစားပုံနဲ့ အတော်လေး အံဝင်တယ်ဆိုတာကို ပြပါတယ်။ မနှစ်က ဆာရီလက်အောက်မှာ ဒီထက်တောင် များခဲ့ပါသေးတယ်။ မိနစ် ၉၀ ကို ပေးပို့မှု အကြိမ် ၈၀ လုပ်ခဲ့တာပါ။ ဒီရာသီ ပေးပို့မှုတွေရဲ့ ၉၁% က အောင်မြင်ခဲ့ပါတယ်။ နည်းစနစ် ကျွမ်းကျင်တဲ့ ဗဟိုခံစစ်တစ်ယောက်ဟာ ဆွဲဆောင်မှုရှိတဲ့ ကစားပုံမှာ အလွန်အရေးပါပါတယ်။ ကူလီဘလီက ဒါနဲ့ အံကိုက်ဖြစ်တဲ့သူပါ။ ယူနိုက်တက်က ဘောလုံးရယူပြီး နောက်တန်းကနေ ကစားကွက်တည်တတ်တာကြောင့် သူက စိတ်ချရပါလိမ့်မယ်။

စိတ်ဓာတ်

စိတ်ဓာတ်ပိုင်းမှာ သူဟာ တကယ်ကို ခေါင်းဆောင်စိတ်ရှိတဲ့သူပါ။ မကြာသေးမီက တွစ်တာမှာ ဗီဒီယိုကလစ်တစ်ခု တက်လာခဲ့ပါတယ်။ ကူလီဘလီဟာ အမ်ဘတ်ပီရဲ့ ဘောလုံးကို တားဆီးဖို့ သူ့အသင်းဖော်ကို အဲ့နားထိ တွန်းပို့လိုက်တာပါ။ ဒါကိုကြည့်ရင် သူဟာ အင်တိုက်အားတိုက်နဲ့ တက်တက်ကြွကြွ ရှိတယ်၊ မာန်ပါတယ်၊ ပြီးတော့ ကြိုးစားမှုရှိပါတယ်။

နောက်ထပ် ဥပမာတစ်ခုက ပြီးခဲတဲ့ ရာသီ ဂျူဗင်တပ်နဲ့ပွဲမှာပါ။ ဒီပွဲကို မဖြစ်မနေ အနိုင်ရဖို့လိုတာဖြစ်လို့ မိနစ် ၉၀ မှာ ကူလီဘလီဟာ ထောင့်ကနေ ခေါင်းတိုက်ဂိုး သွင်းယူပေးခဲ့ပြီး အနိုင်ရယူပေးခဲ့ပါတယ်။ သူဟာ ပွဲအခြေအနေကို ကောင်းကောင်းချိန်ဆတတ်ပြီး တစ်ယောက် တစ်ယောက်ချင်း တွေ့ရင်လဲ ရင်ဆိုင်နိုင်ပါတယ်။ ဒါဟာဆိုရင် စွန့်စွန့်စားစား ကစားပြီး ပွဲကို စိုးမိုးထားလိုတဲ့ အသင်းအတွက် ရွေးချယ်ချင်စရာပါ။

ယူနိုက်တက်ရဲ့ ဂုဏ်သတင်းအရ ကစားသမားတွေဟာ ယုံကြည်မှု မြင့်မားဖို့လိုပြီး ဖိအားတွေအောက်မှာ ခံနိုင်ရည်ရှိဖို့ လိုပါတယ်။ ကူလီဘလီရဲ့ ခံနိုင်ရည်နဲ့ ဇွဲက သူ့ကို အောင်မြင်တိုးတက်စေမှာဖြစ်ပြီး ယူနိုက်တက် အနေနဲ့လဲ ရီယို ဖာဒီနန်နောက်ပိုင်း သူတို့တောင့်တခဲ့တဲ့ ခံစစ်ခေါင်းဆောင်တစ်ယောက် ရှိလာပါလိမ့်မယ်။

သုံးသပ်ချက်

အားလုံးခြုံကြည့်ရင် ကူလီဘလီဟာ ယူနိုက်တက်ကို ခံစစ်ပိုင်းမှာ အပြည့်အဝကာကွယ်ပေးနိုင်မယ့် ပြီးပြည့်စုံတဲ့ ခံစစ်ကစားသမား တစ်ယောက်ပါ။ သူက သင့်တော်လား ကောင်းလားဆိုတာ မေးရမယ့်မေးခွန်း မဟုတ်ပါဘူး။ တကယ်မေးရမှာက နောက်ရာသီစရင် ၂၈ ပြည့်တော့မယ့် ကစားသမားတစ်ယောက်အတွက် ပေါင် သန်း ၁၀၀ ဝန်းကျင်ပေးဖို့ ဆန္ဒရှိလားဆိုတာပါပဲ။

Sports Home Time

[Unicode] နောက်ထပ် ဗဟိုခံစစ်တစ်ယောက် မန်ချက်စတာယူနိုက်တက်နဲ့ ချိတ်ဆက်ခဲ့ပါတယ်။ ဇန်နဝါရီမှာ မဟုတ်ခဲ့ရင်တောင် လာမယ့် နွေမှာတော့ ကမ်းလှမ်းမှုတွေ တရားဝင်ဖြစ်ဖို့ ပရိသတ်တွေ မျှော်လင့်နိုင်ပါတယ်။ ကူလီဘလီဟာ နာပိုလီရဲ့ အထင်ကြီးစရာ ခံစစ်ကြောင်းမှာ အဓိကကျတဲ့သူဖြစ်ပါတယ်။