ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဘယ်သူမှ ချယ်ဆီးနဲ့ အတွဲမကျချင်ဘူးလို့ တိုနီ ခရုစ် ထုတ်ပြော

ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ တိုနီခရုစ်က ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့်မှာ ထိပ်တိုက်တွေ့နေတဲ့ ချယ်ဆီးအသင်းဟာ ဘယ်အသင်းကမှ ပြိုင်ဘက်မဖြစ်လိုတဲ့ ကလပ်အသင်းပါလို့ ထုတ်ပြောခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်က ပြင်သစ်ကလပ် ပီအက်စ်ဂျီကို ၁၆ သင်းအဆင့်မှာ အနိုင်ယူပြီး တက်လာခဲ့သလို ချယ်ဆီးအသင်းကလည်း ပြင်သစ်ကလပ် လိုင်လီအသင်းကို အနိုင်ယူပြီး ကွာတားဖိုင်နယ်ကို တက်ရောက်လာတာပါ။

ကွာတားဖိုင်နယ် မဲခွဲပွဲမှာ ဥရောပဖလား ၁၃ ကြိမ်အနိုင်ရ ရီးရဲလ်မက်ဒရစ်ဟာ လက်ရှိချန်ပီယံ ချယ်ဆီးအသင်းနဲ့ မဲကျခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီ့နှစ်သင်းဟာ မနှစ်က ဆီမီးဖိုင်နယ်မှာ တွေ့ဆုံခဲ့ကြပြီး အဲ့ဒီ့တုန်းကတော့ တူချယ်ရဲ့အသင်းဟာ နှစ်ကျော့ပေါင်း ၃-၁ နဲ့ အနိုင်ရခဲ့ကာ ဖိုင်နယ်မှာ မန်စီးတီးကို ကျော်ဖြတ်ပြီး ဆုဖလား ကိုင်မြှောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

သူတို့ နှစ်သင်းထဲက အနိုင်ရတဲ့အသင်းဟာ မန်စီးတီးနဲ့ အက်သလက်တီကိုအတွဲမှာ အနိုင်ရတဲ့အသင်းနဲ့ ဆီမီးဖိုင်နယ်မှာ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

‘ ချယ်ဆီးက လက်ရှိ ဥရောပချန်ပီယံတွေပါ။ ဒီတော့ ဒီထက်ပိုပြီး ခက်ခဲတာ မရှိနိုင်တော့ပါဘူး။ ဒီထက်ပိုပြီး ကြီးမားတဲ့ အခက်အခဲ ရှိလာဖို့ ခက်ပါတယ်။ ဒါပေမယ့် ကျနော်တို့ ကိုယ်ဘာသာ အာရုံစိုက်ရမှာပါ။ အကယ်လို့ ကျနော်တို့ ကစားပုံကောင်းမယ်ဆိုရင် ကိစ္စတွေ အများကြီးကို လုပ်နိုင်ဖို့ ဖြစ်နိုင်ပါတယ်။

အရမ်းကောင်းကောင်း လုပ်နိုင်ဖို့ ကျနော်တို့ ကြိုးစားဖို့လိုတယ်။ ဆီမီးဖိုင်နယ်အဆင့်ကို ရောက်နိုင်ဖို့ အဲ့လို လုပ်ရပါလိမ့်မယ်။ ၁၆ သင်းအဆင့်မှာ ဘယ်သူကမှ ပီအက်စ်ဂျီနဲ့ ထိပ်တိုက် မတွေ့လိုဘူး၊ ကွာတားဖိုင်နယ်မှာလည်း ချယ်ဆီးနဲ့ ဘယ်သူမှ မရင်ဆိုင်လိပါဘူး။

ဒါပေမယ့် ဒါက ကျနော်တို့ ရင်ဆိုင်ရမယ့် နည်းလမ်းဖြစ်တာကြောင့် ဒီပြိုင်ဘက်တွေကို ကျနော်တို့ လက်ခံသွားရမှာပါ ’ လို့ တိုနီခရုစ်က ဆိုသွားခဲ့တာ ဖြစ်ပါတယ်။

ဒီရာသီ ချန်ပီယံလိဂ် ဗိုလ်လုပွဲကိုတော့ မေလ ၂၈ ရက်နေ့ ပြင်သစ်မြေမှာ ယှဉ်ပြိုင်သွားမှာပဲ ဖြစ်ပါတယ်။