နေမာ၊ ဗင်နေးစီးယပ်တို့နဲ့ ယှဉ်ပြိုင်ဖို့ ကြိုးစားသွားမယ့် ဂန်းနား တိုက်စစ်သမား မာတင်နယ်လီ

အာဆင်နယ်ကြယ်ပွင့် ဂေဘရီရယ် မာတင်နယ်လီဟာ ချယ်ဆီးရဲ့ ယူရို ၂၀၂၀ ချန်ပီယံ ဂျော်ဂျင်ညိုဆီကနေ ချဉ်းကပ်မှု ရရှိခဲ့ပေမယ့် ဘရာဇီးကိုကျော်ပြီး အီတလီအတွက် ကစားပေးဖို့ ဖြစ်နိုင်စရာ မရှိဘူးလို့ ငြင်းပယ်ခဲ့ပါတယ်။

ဘရာဇီး ယူ-၂၃ အသင်းအတွက် ကစားပေးပြီး ၂၀၂၀ အိုလံပစ် ရွှေတံဆိပ်ရခဲ့ပေမယ့် ဘရာဇီး-အီတလီ နှစ်နိုင်ငံသား လက်မှတ်ရှိတဲ့ မာတင်နယ်လီကို အီတလီကလည်း လက်ရွေးစင်အတွက် ခေါ်ဆောင်နိုင်ဖွယ်ရှိတယ် ဆိုတဲ့ ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။

ဘရာဇီးဟာ မကြာသေးမီက နှစ်တွေအတွင်း ဂျော်ဂျင်ညို အပါအဝင် ကစားသမားများစွာကို အီတလီထံ လက်လွှတ်ခဲ့ရတာဖြစ်တယ်။ ချယ်ဆီးကွင်းလယ်လူဟာ မာတီနယ်လီကိုလည်း သူတို့နဲ့အတူ ပူးပေါင်းဖို့ ရဲရဲတင်းတင်း ကြိုးစားခဲ့ပေမယ့် အာဆင်နယ်ကြယ်ပွင့်ဟာ သူ့မွေးရပ်မြေ ဘရာဇီးအတွက်ပဲ ကစားပေးချင်တယ်လို့ ပြောဆိုခဲ့ပါတယ်။

အီတလီအတွက် ကစားပေးဖို့ တာဝန်ရှိသူ တစ်ယောက်ယောက်က ပြောဖူးလားလို့ မေးမြန်းခဲ့ရာ မာတင်နယ်လီက

“ ဘယ်သူမှ မပြောပါဘူး။ ဂျော်ဂျင်ညိုကတော့ တခါပြောဖူးတယ်။ ‘မတ်လမှာ မင်းကို တွေ့ရဖို့ မျှော်လင့်တယ်’တဲ့။ ဒါပေမယ့် ဘယ်သူကမှ တရားဝင် ပြောတာမျိုး မရှိပါဘူး။ အရင်က ပြောခဲ့သလိုပဲ ကျွန်တော့်အိမ်မက်က ဘရာဇီးအတွက် ကစားပေးဖို့ပဲ အမြဲတမ်း ဖြစ်ခဲ့တာပါ။ ဒီအခွင့်အရေးကို ကျွန်တော် စောင့်နေခဲ့တာပါ”လို့ ဖြေကြားခဲ့ပါတယ်။

မာတင်နယ်လီဟာ အာဆင်နယ်အတွက် နေရာမျိုးစုံမှာ ကစားခဲ့ပြီး တိုက်စစ်မှူးတစ်ယောက် အနေနဲ့တောင် သူ ကစားနိုင်တယ်လို့ အာတီတာက ပြောခဲ့ဖူးတာ ဖြစ်ပါတယ်။ သူ့ စိတ်ကြိုက်နေရာက ဘယ်တောင်ပံဖြစ်ပေမယ့် ဘရာဇီးအသင်းမှာဆိုရင် အဲ့ဒီ့နေရာအတွက် နေမာ၊ ဗင်နေးစီးယပ် ဂျူနီယာတို့ထံက ကြီးမားတဲ့ ပြိုင်ဆိုင်မှုတွေနဲ့ ရင်ဆိုင်ရမှာပါ။

“ ကျွန်တော် တောင်ပံတွေမှာ ကစားရတာ ပိုကြိုက်တယ်။ အထူးသဖြင့် ဘယ်တောင်ပံပေါ့။ ဒါပေမယ့် အဆုံးသတ်ဖို့ အခွင့်အရေးတစ်ခုနဲ့ ဧရိယာထဲ ခဏခဏ ဝင်ရတာကိုလည်း ကြိုက်ပါတယ်။ ကျွန်တော် ညာခြမ်းမှာလည်း ကစားနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော့်စိတ်ကြိုက်နေရာက ဘယ်တောင်ပံပါ။

အတွင်းထဲ ဖြတ်ဝင်ပြီး ဂိုးပေါက်နဲ့ တတ်နိုင်သလောက် နီးနီးသွားချင်ပါတယ်။ ကျွန်တော်တို့ အသင်းမှာ ကြယ်ပွင့်ကစားသမားတွေ အများကြီးရှိတယ်။ ဒါပေမယ့် ကျွန်တော်ရတဲ့ အခွင့်အရေးကို အကောင်းဆုံးအသုံးချဖို့ ကြိုးစားသွားမှာပါ။

ကစားသမား အားလုံးက သိပ်တော်ကြတယ်။ သူတို့မှာ ကိုယ်ပိုင်အားသာချက်တွေ ရှိကြတယ်။ နေမာတို့၊ ဗီနီတို့၊ အန်တိုနီတို့မှာ ကိုယ်ပိုင် အရည်အချင်းတွေ ရှိပါတယ်။ ကျွန်တော်က ကမ္ဘာ့ဖလား လူစာရင်းမှာ နေရာရဖို့ အကောင်းဆုံးကြိုးစားသွားမှာပါ ” လို့ မာတီနယ်လီက ပြောဆိုခဲ့တာဖြစ်ပါတယ်။