ချယ်ဆီးကို ရောင်းထုတ်ပြီး အင်္ဂလန်ပြင်ပ ကလပ်တစ်သင်းကို ဝယ်ယူတော့မယ့် အေဘရာမိုဗစ်

ချယ်ဆီးအသင်းပိုင်ရှင် ရိုမန် အေဘမိုဗစ်ဟာ ဗြိတိန်ကလပ်အသင်းကို ရောင်းထုတ်ဖို့ ကြိုးစားနေသလို မကြာခင်မှာ အခြားသော ဥရောပ အသင်း တစ်သင်းကို ဝယ်ယူဖို့လည်း ခြေလှမ်းပြင်နေခဲ့ပါပြီ။

ဗြိတိန်အစိုးရရဲ့ ပိတ်ပင်မှုတွေကို ခံထားရတဲ့ အေဘရာမိုဗစ်ဟာ ဒီလိုတွေ ဖြစ်လာနိုင်တယ်လို့ ရိပ်စားမိလာခဲ့ကတည်းက ချယ်ဆီးကို ရောင်းထုတ်ဖို့ ကြိုးစားခဲ့တာပါ။ ဗြိတိန်ဘက်က သူ့ရဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်ခဲ့တဲ့နောက် ကြားခံ အဖွဲ့အစည်းနဲ့အတူ ကလပ်ကို ရောင်းချရေး ဆက်လက် လုပ်ဆောင်နေပြီး ဧပြီလအကုန် နောက်ဆုံးထားကာ ရောင်းချမှု ကိစ္စအား အပြီးသတ်တော့မှာပါ။

ချယ်ဆီးကို ရောင်းချပြီးရင် အေဘရာမိုဗစ်ဟာ အခြားသော ဥရောပကလပ် တစ်သင်းကို ဝယ်ယူဖို့ ဦးတည်သွားမှာဖြစ်တယ်။ တူရကီသတင်းတွေမှာတော့ ဘီလျံနာကြီးဟာ တူရကီ စူပါလိဂ်ကလပ် Goztepe ကို ဝယ်ယူဖို့ စတင် ညိနှိုင်းနေပြီလို့ သိရပါတယ်။

အဆိုပါကလပ်ဟာ တူရကီအဆင့်မြင့်တန်းလိဂ်မှာ တန်းဆင်းဇုန်နား ရှိနေတဲ့ အသင်းဖြစ်ပေမယ့် အမာခံပရိသတ်တွေနဲ့အတူ မှတ်တမ်းကောင်းတွေ ရှိတဲ့အသင်းလို့ သိရတယ်။ တူရကီကလပ်တွေထဲမှာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ကို ပထမဆုံး တက်ရောက်နိုင်တဲ့ အသင်းလည်း ဖြစ်ပါတယ်။

ချယ်ဆီးကို ဝယ်ယူပြီးတည်းက အသင်းကို ရောင်းထုတ်ဖို့ လုံးဝ မစဉ်းစားခဲ့တဲ့ မိုဗစ်ဟာ မနှစ်တုန်းက လန်ဒန်ကလပ်ကို ပေါင် ၂.၂ ဘီလျံတန်တဲ့ ကမ်းလှမ်းမှုဖြင့် လာရောက် ချိတ်ဆက်စဉ်က ရောင်းထုတ်ဖို့ ငြင်းဆန်ခဲ့သူပါ။ သူဟာ ချယ်ဆီးအတွက် ပေါင် ဘီလျံနဲ့ချီ အသုံးစရိတ် ထုတ်ပေးခဲ့ပြီး ကလပ်ဟာ အေဘရာမိုဗစ်ထံ ကြွေးမှီး ပေါင် ၁.၅၁ ဘီလျံထိ တင်ရှိနေပါတယ်။

ဒါပေမယ့်လည်း ရုရှားက ယူကရိန်းကို ကျူးကျော်မှုနောက်မှာ သမ္မတပူတင်နဲ့ ဆက်နွယ်သူတွေကို အရေးယူမှု လုပ်လာစဉ် အေဘရာမိုဗစ် ပါလာခဲ့သလို သူ့ရဲ့ ပိုင်ဆိုင်မှုတစ်ခုဖြစ်တဲ့ ချယ်ဆီးကလည်း နွယ်သွားခဲ့တာဖြစ်တယ်။ အေဘရာမိုဗစ်ဟာ ချယ်ဆီးကို ရောင်းထုတ်ရေး လုပ်ငန်းစဉ်တွေမှာ သူ့ဘက်က အတတ်နိုင်ဆုံး လိုက်လျောမှုတွေ လုပ်ပေးထားပါတယ်။

လာမယ့်လမှာ ချယ်ဆီးအသင်းကို ပိုင်ရှင်သစ်တွေ လက်လွဲယူတော့မှာဖြစ်ပေမယ့် အပြာရောင် ခြင်္သေ့တွေအတွက်တော့ အေဘရာမိုဗစ်ဟာ ဂန္တဝင်တစ်ဦးအဖြစ် ရှိနေမှာဖြစ်ပြီး အသင်းအတွက် သူ့ရဲ့ လုပ်ဆောင်ပေးမှုတွေဟာ လာမယ့် ဆယ်စုနှစ်တွေထိတောင် နှမျောတသဖြစ်နေကြဖို့ ရှိနေခဲ့ပါပြီ။