ပူတင်ကို နာမည်တောင် မခေါ်နိုင်တဲ့အထိ စိတ်နာနေတဲ့ ယူကရိန်းတိုက်စစ်မှူးဟောင်း ရှက်ချန်ကို

ယူကရိန်းထံ ရုရှားရဲ့ ကျူးကျော်မှုနောက်ပိုင်း ဖြစ်ပေါ်နေတဲ့ ဝမ်းနည်းစရာ အကျိုးသက်ရောက်မှုတွေကြောင့် ပါးစပ်ကနေ ဗလာဒီမာ ပူတင်ရဲ့ နာမည်ကို ထုတ်တောင် မပြောနိုင်ဘူးလို့ ချယ်ဆီးနဲ့ ယူကရိန်း တိုက်စစ်မှူးဟောင်း အန်ဒရေး ရှက်ချန်ကိုက ဖွင့်ဟခဲ့ပါတယ်။

ရုရှားဟာ ဖေဖော်ဝါရီနှောင်းပိုင်းမှာ ယူကရိန်းနိုင်ငံကို ကျူးကျော်စစ် ဆင်နွှဲခဲ့ပြီး ကိဗ်၊ မာရူပူးလ်၊ ခါဆန် စတဲ့ မြို့တော်တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ဒီစစ်ပွဲအတွင်း ယူကရိန်းတပ်သား ၁၃၀၀ ကျော် အသက်ဆုံးရှုံးခဲ့ရကြောင်း သမ္မတ ဇီလန်စကီက ပြီးခဲ့တဲ့အပတ်က အတည်ပြုခဲ့သလို တိုင်းပြည်တွင်း ထိခိုက်မှုများစွာ ဖြစ်ပေါ်ခဲ့တယ်။

စီးရီးအေနာမည်ကြီးကလပ် အေစီမီလန်နဲ့ နာမည်ကြီးခဲ့သလို ၂၀၀၆ ကနေ ၂၀၁၀ အထိ ပရီးမီးယားလိဂ်ကလပ် ချယ်ဆီးအတွက် ကစားပေးခဲ့ဖူးတဲ့ အသက် ၄၅ နှစ်အရွယ် ကစားသမားဟောင်းဟာ ယူကရိန်းရဲ့ မန်နေဂျာ ဖြစ်လာခဲ့ပြီး လက်ရွေးစင်အသင်းကို ယူရို ၂၀၂၀ ဆီ ပို့ဆောင်ပေးခဲ့ပါတယ်။

ဂန္တဝင် တိုက်စစ်မှူးဟာ စီးရီးအေကလပ် ဂျီနိုအာအသင်းကို မန်နေဂျာအဖြစ် တာဝန်ယူဖို့ ရောက်လာပြီး မကြာခင်မှာပဲ စစ်ပွဲက စတင်ခဲ့တာပါ။ သူ့နိုင်ငံက အဖြစ်အပျက်တွေကြောင့် ရှက်ချန်ကိုဟာ ပူတင်ရဲ့ နာမည်ကိုတောင် ထုတ်မပြောချင်အောင် ဖြစ်ခဲ့ပြီး အဲ့ဒီ့အစား ‘ဟိုလူ’ လို့ပဲ သုံးနှုန်းခဲ့သေးပါတယ်။

စိတ်ထိခိုက်နေတဲ့ ရှက်ချန်ကိုက သူ့မိခင်ဆီက ဖုန်းခေါ်ဆိုမှုကနေ စစ်ပွဲအကြောင်း စတင်သိရှိခဲ့တဲ့အကြောင်း ပြောပြခဲ့ပြီး သူ့နိုင်ငံထဲ ကြဲချခဲ့တဲ့ ဗုံးတွေရဲ့ သက်ရောက်မှုအကြောင်းကို ဝမ်းနည်းဖွယ် ရှင်းပြခဲ့ပါတယ်။

“ ကျွန်တော် အိပ်နေတုန်း ဖုန်းကောလ်တစ်ခု ဝင်လာတယ်။ အမေ့ဆီက။ ‘စစ်ပွဲ စနေပြီ’ ဆိုပြီး သူမက ပြောပြခဲ့တယ်။ ရုရှားက ဒီလိုလုပ်လိမ့်မယ်လို့ ကျွန်တော်တို့ မထင်ခဲ့ဘူး။ လုံးဝ အံ့ဩတုန်လှုပ်ခဲ့ရတာပါ။

မြေပြင်ကို ထိလာတဲ့ ဗုံးအလုံးတိုင်းကို ခံစားနေရတယ်။ ဘာလို့လဲဆိုတော့ အိမ်က တုန်ခါနေတာကိုး။ ဒါက စစ်ပွဲပဲ။ မြို့ဝန်းကျင်မှာ ရုရှားတွေ ဝန်းရံနေပြီး ဗုံးတွေပစ်နေတာပဲ။ သူတို့က ရပ်ကိုမရပ်တော့ဘူး ” လို့ ရှက်ချန်ကိုက ပြောပြပါတယ်။

ရှက်ချန်ကိုဟာ သူ့မွေးရပ်နိုင်ငံက မိသားစုကို စွန့်ခွာရတာ စိုးရိမ်တဲ့အကြောင်းကိုလည်း ပြောပြခဲ့ပါတယ်။ သူ့မိခင်က သူမရဲ့ နိုင်ငံကို ကာကွယ်ဖို့ ဆုံးဖြတ်ထားပြီး မြို့တော်ကိဗ်မှာ ကျန်နေခဲ့ပါတယ်။ မြို့သားတွေကို ထွက်ခွာခွင့်ပေးတဲ့ အပစ်အခတ် ရပ်စဲမှု ကျိုးပျက်သွားပြီးနောက်မှာ ပိတ်မိနေတဲ့ မြို့သားတွေအတွက် ထွက်လမ်းမရှိတော့တာ ဖြစ်ပါတယ်။

“ ယူကရိန်း ပြည်သူတွေကို လူသားချင်းစာနာမှုနဲ့ ထွက်သွားခွင့်တောင် မပေးပါဘူး။ ကျွန်တော့်အမေ၊ ကျွန်တော့် ညီမ၊ ကျွန်တော့် ဦးလေ၊ အန်တီ၊ မောင်နှမဝမ်းကွဲတွေ အဲ့ဒီ့မှာ ရှိနေတယ်။ ကျွန်တော့်သူငယ်ချင်းတချို့ဆို ရှေ့တန်းမှာ။ သူတို့က နိုင်ငံအတွက်၊ ကျွန်တော်တို့ရဲ့ လွတ်လပ်မှု၊ အခွင့်အရေး၊ ဂုဏ်သိက္ခာအတွက် ရပ်တည်နေတာပါ။ ကျွန်တော်တို့ ခုခံတယ်။ တိုက်ခိုက်တယ်။ လုပ်မှရမယ်။ ရွေးချယ်စရာ မရှိပါဘူး” လို့ ပြောပြခဲ့ပါတယ်။

ဒါပေမယ့် ရှေ့တန်းက စစ်သားတွေနဲ့ ကျူးကျော်မှုအကြောင်း သတင်းထုတ်ပြန်ပေးနေတဲ့ မီဒီယာလုပ်သားတွေကို ချီးကျူးဂုဏ်ပြုခဲ့တဲ့ ရှက်ချန်ကိုက သူတို့နိုင်ငံဟာ ရှုံးနိမ့်မှာ မဟုတ်ဘူးလို့ အခိုင်အမာ ပြောဆိုခဲ့ပါတယ်။

“ သမ္မတ ဇီလန်စကီရဲ့ ရပ်တည်မှုက အရမ်း အရေးကြီးခဲ့ပါတယ်။ သူ ထွက်သွားလို့ ရခဲ့ပေမယ့် သူ ဆက်နေပြီး နိုင်ငံကို ကာကွယ်ရမယ်လို့ ပြောခဲ့တယ်။ အဲ့ဒါက ယူကရိန်းပြည်သူတွေကို စည်းလုံးစေခဲ့တာပါ။ သူက ကျွန်တော်တို့နဲ့အတူ ဆက်ရှိနေခဲ့တယ်။ ကျွန်တော်တို့ အရှုံးပေးမှာ မဟုတ်ပါဘူး။

ကျွန်တော်တို့ရဲ့ လွပ်လပ်ခွင့်၊ အခွင့်အရေး၊ ဒီမိုကရေစီအတွက် တိုက်ပွဲဝင်နေတာပါ။ လမ်းထဲမှာ လူတွေက တင့်ကားတွေကို ရပ်တန့်ဖို့ ဘာလက်နက်မှမရှိပဲ သွားနေကြတာကို မြင်ရတဲ့အခါ အရမ်း အားဖြစ်မိတယ်။ ကျွန်တော်တို့ အဆုံးသတ်အထိ ခုခံသွားမယ်။ ရုရှားကို လုံးဝမကြိုဆိုပါဘူး။

ယူကရိန်းရဲ့ လွပ်လပ်ရေးက နှစ် ၃၀ ပဲ ရှိပါသေးတယ်။ ကျွန်တော် ဘောလုံး စကစားခဲ့တဲ့ အချိန်ပေါ့။ အဲ့တုန်းကမှ လွတ်လပ်ရေး ရခါစပါ။ ပထမဆုံးရက်ကနေ ဒီနေ့အထိ ကျွန်တော်ဟာ ယူကရိန်းသားတစ်ယောက်ဖြစ်ရတဲ့အတွက် အမြဲတမ်း ဂုဏ်ယူခဲ့တယ်။ တခြားသူတွေက ကျွန်တော်တို့ကို ဩဇာလွှမ်းမိုးလို့ရမှာ မဟုတ်ပါဘူး ” လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။