ချန်ပီယံလိဂ်မှာ ရီးရဲလ်နဲ့ ထိပ်တိုက်တွေ့ခြင်းအတွက် ချယ်ဆီးက ပျော်နေပါတယ် ဆိုတဲ့ ဂျိုးကိုလ်း

မနှစ်ကရာသီမှာ ချယ်ဆီးက ရီးရဲလ်မက်ဒရစ်ကို အနိုင်ယူခဲ့သလို ဒီရာသီမှာလည်း အနိုင်ယူပြီး ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ကို တက်သွားဖို့ အခွင့်အရေးကောင်း ရှိနေပါတယ်လို့ ဂျိုးကိုးလ်က ထုတ်ပြောလာပါတယ်။

လက်ရှိချန်ပီယံ ချယ်ဆီးဟာ သောကြာနေ့က ကွာတားဖိုင်နယ် မဲခွဲပွဲမှာ ဥရောပဖလား ၁၃ ကြိမ်အနိုင်ရ ရီးရဲလ်မက်ဒရစ်နဲ့ မဲကျခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီ့နှစ်သင်းဟာ မနှစ်က ဆီမီးဖိုင်နယ်မှာ တွေ့ဆုံခဲ့ကြပြီး အဲ့ဒီ့တုန်းကတော့ တူချယ်ရဲ့အသင်းဟာ နှစ်ကျော့ပေါင်း ၃-၁ နဲ့ အနိုင်ရခဲ့ကာ ဖိုင်နယ်မှာ မန်စီးတီးကို ကျော်ဖြတ်ပြီး ဆုဖလား ကိုင်မြှောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒီတစ်ကြိမ်မှာလည်း အလားတူ ရလဒ်မျိုး ဖြစ်လာဖို့ ကိုးလ်က မျှော်လင့်ထားသလို ပရီးမီးယားလိဂ် ပြိုင်ဘက်တွေဖြစ်တဲ့ မန်စီးတီး၊ လီဗာပူးတို့ကို ရှောင်နိုင်ခဲ့တဲ့ ချယ်ဆီးက ဒီမဲခွဲရလဒ်ကြောင့် ပျော်ရွှင်နေလိမ့်မယ်လို့ ပြောဆိုခဲ့ပါတယ်။ ချယ်ဆီးက အဆိုးရွားဆုံး ကွာတားဖိုင်နယ် မဲခွဲရလဒ်ကို ရခဲ့တာလားလို့ မေးမြန်းခဲ့ရာ အင်္ဂလန်ကြယ်ပွင့်ဟောင်း ဂျိုးကိုးလ်က

“ မဟုတ်ပါဘူး။ ဒီရလဒ်ကို ချယ်ဆီးက လုံးဝ ပျော်နေမှာပဲ။ မနှစ်က ဆီမီးဖိုင်နယ်မှာ သူတို့ဟာ မက်ဒရစ်ကို သာသာယာယာာ အနိုင်ရခဲ့တယ်။ ဒီအသင်းတွေက ဒီနှစ်မှာလဲ သိပ်ပြီး မပြောင်းလဲသွားပါဘူး။ အင်္ဂလန်ကလပ်အားလုံးက တစ်သင်းနဲ့တစ်သင်း ရှောင်နိုင်ဖို့ ပျော်ရွှင်နေလိမ့်မယ်လို့ ထင်ပါတယ်။

ဒီအတွဲက ချယ်ဆီးအတွက် ပိုကောင်းသွားနိုင်ခဲ့တယ် ဆိုပေမယ့် ပိုပြီးလည်း ဆိုးသွားနိုင်စေပါတယ်။ မနှစ်က ရီးရဲလ်မက်ဒရစ်ဟာ ငယ်ရွယ်ပြီး အားမာန်အပြည့်နဲ့ ချယ်ဆီးအသင်းကို ရင်ဆိုင်ရာမှာ အသက်အရွယ် ကြီးရင့်နေတဲ့ အသင်းတစ်သင်းလို ဖြစ်ခဲ့တယ်။ အခု တစ်နှစ်ကြာသွားချိန်မှာ အများကြီး ပြောင်းလဲမသွားခဲ့ပါဘူး။

အန်ဆယ်လော့တီ ရောက်လာခဲ့တယ်။ သူတို့က အရည်အချင်းရှိတယ်။ သူတို့က ရီးရဲလ်မက်ဒရစ်ဖြစ်ပြီး အမြဲတမ်း ခြိမ်းခြောက်နိုင်တဲ့ အသင်းတစ်သင်း ဖြစ်လိမ့်မယ်ဆိုတာ သိပါတယ်။ ဒါပေမယ့် ချယ်ဆီးက သူတို့နဲ့ တွေ့ရမှာကို ပျော်ရွှင်နေလိမ့်မယ်လို့ ထင်ပါတယ် ” လို့ မှတ်ချက်ပေးခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ မနှစ်က ချယ်ဆီးကို ရှုံးနိမ့်ခဲ့ပေမယ့် ဒီနှစ်မှာ ပိုကောင်းတဲ့ အနေအထားကို ပိုင်ဆိုင်လာတာပါ။ အန်ဆယ်လော့တီရဲ့အသင်းဟာ လာလီဂါ အမှတ်ပေးဇယားထိပ်ဆုံးမှာ ၁၀ မှတ်အသာနဲ့ ဦးဆောင်နေသလို ချန်ပီယံလိဂ် ၁၆သင်းအဆင့်မှာ ပီအက်စ်ဂျီကို အနိုင်ယူ ကျော်ဖြတ်ခဲ့တာာဖြစ်ပါတယ်။