ချန်ပီယံလိဂ်ပြိုင်ဘက် အက်သလက်တီကို မက်ဒရစ်နဲ့ မန်စီးတီးကြားက တူညီမှုကို ပက် နှိုင်းယှဉ်

အက်သလက်တီကို မက်ဒရစ်ဟာ ချန်ပီယံလိဂ်မှာ မယုံနိုင်စရာကောင်းအောင် ခက်ခဲတဲ့ အတားအဆီးတစ်ခု ဖြစ်နေတယ်လို့ ပက်ဂွာဒီယိုလာက ပြောပါတယ်။

စီးတီးဟာ ကွာတားဖိုင်နယ်မှာ လာလီဂါအသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး အက်သလက်တီကိုဟာ ပြိုင်ဘက်တွေကို ပုံမှန်အတိုင်း ကစားလို့မရအောင် တားဆီးနိုင်တဲ့ ပါးနပ်တဲ့ အသင်းတစ်သင်း ဖြစ်တယ်လို့ ပက်ဂွာဒီယိုလာက ပြောဆိုခဲ့ပါတယ်။

“ ကျွန်တော် ဘာပြောရမလဲ။ သူတို့ဟာ မယုံနိုင်စရာကောင်းအောင် ခက်ခဲတဲ့ အုပ်စုအဆင့်ကို ကျော်ဖြတ်ခဲ့ပြီး ယူနိုက်တက်နဲ့ မိနစ် ၁၈၀ ကျော်ကစားခဲ့ရာမှာ ပိုကောင်းတဲ့ အသင်း ဖြစ်ခဲ့ပါတယ်။ မက်ဒရစ်မှာရော မန်ချက်စတာမှာရော သူတို့က သိပ်ကောင်းခဲ့ပါတယ်။ အဲ့ဒါက သူတို့ရဲ့ပုံစံပဲဖြစ်ပြီး သူတို့ဟာ ပြိုင်ဘက်တွေကို ချေမှုန်းနိုင်စွမ်း ရှိပါတယ်။

ကိုယ်က ပွဲကိုထိန်းချုပ်ဖို့ ကြိုးစားပေမယ့် တခါတလေကျ ခက်ခဲပါတယ်။ ဒုတိယအကျော့ကို အဝေးကွင်းမှာ ကစားရတာက ပိုပြီးတော့တောင် ရှုပ်ထွေးပါတယ်။ ဒါပေမယ့် ဒါတွေက ဥရောပမှာ အကောင်းဆုံး ၈ သင်းပါ။ အဝေးကွင်းတိုင်းက ခက်ခဲပါတယ် ” လို့ ပက်ဂွာဒီယိုလာက ဆိုပါတယ်။

စီးတီးနဲ့ အက်သလက်တီကိုတို့ဟာ နည်းလမ်းများစွာနဲ့ ကွဲပြားနိုင်ပေမယ့် တချို့ နည်းလမ်းတွေမှာတော့ နှစ်သင်းလုံးက အရမ်းဆင်တူတယ်လို့ ဂွာဒီယိုလာက ပြောပါတယ်။

“ ဆီမြွန်နီက ဂိုးတွေမပေးရတာ ကြိုက်တယ်ဆိုရင် ကျွန်တော်က သူ့ထက် ပိုပြီးတော့တောင် ကြိုက်ပါတယ်။ ကျွန်တော်က သူ့လိုပဲ တန်ပြန်တိုက်စစ်ဆင်ရတာ ကြိုက်တယ်။ တခါတလေ အဲ့လို ကစားဖို့ ကျွန်တော် မလုပ်နိုင်ဘူး။ ဒါပေမယ့် နှစ်သင်းလုံးက ဂိုးနည်းနည်းပဲ ပေးရပြီး အခွင့်အရေး နည်းနည်းပဲ ပေးရပါတယ်။

သူတို့က ပိုပြီး နက်နက်နဲနဲ ခုခံနိုင်ပါတယ်။ ဒါပေမယ့် တချို့ အခိုက်အတန့်တွေမှာ မြင့်မြင့်မားမား ဖိအားပေးတယ်။ ယူနိုက်တက်နဲ့ပွဲရဲ့ ပထမ မိနစ် ၂၀ အတွင်း ယူနိုက်တက်က အသက်မရှူနိုင်ခဲ့ဘူး။ ယူနိုက်တက်နဲ့ ဒုတိယအကျော့ကို ကျွန်တော် ကြည့်ခဲ့ပါတယ်။ သူတို့ရဲ့ အရှိန်အဟုန်နဲ့ဆိုရင် တန်ပြန်တိုက်စစ်ကို အသုံးပြုလို့ရပါတယ်။ ဒါကို သူတို့တွေ နှစ်ပေါင်းများစွာ ကစားနေခဲ့တာပါ။ ဆယ်စုနှစ် တစ်ခုလောက်တောင် ဖြစ်နိုင်ပါတယ်။

သူတို့တွေ ချန်ပီယံလိဂ် ဖိုင်နယ်ကို ရောက်ခဲ့ပေမယ့် မိနစ်ပိုင်းလောက် ပေါ့လျော့သွားတဲ့အတွက် အနိုင်မရခဲ့ဘူး။ သူတို့က အနိုင်ရဖို့ ကစားတယ်။ ကျွန်တော်တို့ကလည်း အနိုင်ရဖို့ ကစားတယ်။ ပွဲကို ထိန်းချုပ်ဖို့တော့ ခက်ခဲလိမ့်မယ်ဆိုတာ သိပါတယ်။ ဘာလို့လဲဆိုတော့ သူတို့က ထိန်းချုပ်တာ တော်တယ်လေ။

သူတို့က ဆုဖလားတွေ အောင်မြင်ဖို့ ယှဉ်ပြိုင်တယ်။ အောင်မြင်မှုရခဲ့ပြီး ဘာက သူတို့ရဲ့ လမ်းကြောင်းလဲဆိုတာ လူတိုင်းသိပါတယ်။ ကစားသမားတွေက သူတို့ ဘာလုပ်ရမလဲဆိုတာ သိတယ်။ ဒါကြောင့်ပဲ မနှစ်က သူတို့တွေ မယုံနိုင်စရာကြောင်းအောင် တည်ငြိမ်ခဲ့တာပါ။ ကျွန်တော်တို့ ပါးပါးနပ်နပ်နဲ့ အချိန်ကောင်းကို စောင့်ရမယ်။

ကိစ္စတော့မရှိပါဘူး။ ကွာတားဖိုင်နယ်မှာ တခြားပြိုင်ဘက်နဲ့တွေ့လည်း ခက်ခဲမှာပဲ။ ကျွန်တော်တို့တွေ မယုံနိုင်စရာကောင်းတဲ့ ပရိသတ်တွေရှိတဲ့ ကွင်းကောင်းတစ်ခုကို သွားရမယ်။ ဆီမီးဖိုင်နယ် ရောက်ဖို့ ကြိုးစားကစားသွားမှာပါ။ ကျွန်တော်တို့နဲ့ ရင်ဆိုင်ဖို့ကို သူတို့တွေလည်း စိုးရိမ်နေမယ်လို့ မျှော်လင့်ပါတယ်”

အက်သလက်တီကိုနဲ့ ပွဲနောက်ပိုင်း ကိစ္စတွေကို ကြိုတင်မျှော်လင့်ထားဖို့ ပက်က ငြင်းပယ်ခဲ့ပြီး စီးတီးအနေနဲ့ ဆီမီးဖိုင်နယ်မှာ ချယ်ဆီး ဒါမှမဟုတ် ရီးရဲလ်မက်ဒရစ်နဲ့ ရင်ဆိုင်ရနိုင်တယ်ဆိုတဲ့ အချက်က အရေးမကြီးဘူးလို့ ပြောဆိုခဲ့ပါတယ်။

“ နောက်တဆင့်အကြောင်း မစဉ်းစားခင် ကျွန်တော်တို့ အက်သလက်တီကို မက်ဒရစ်နဲ့ ခက်ခဲတဲ့ အလုပ်ကို လုပ်ရဦးမှာပါ။ ဒါကြောင့် အနာဂတ်ကိစ္စတွေကို ဖြေမှာမဟုတ်ပါဘူး”လို့ ဂွာဒီယိုလာက ပြောကြားခဲ့တာဖြစ်ပါတယ်။